နိုင်ငံသားစိစစ်ရေးကတ်ကိုင်သူ ကိုးကန့်တိုင်းရင်းသား ကိုးသောင်းရှိ
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကိုးကန့် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံ ထားရပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူ ၉သောင်းကျော်ရှိ တယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။
-
2016-08-03 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကိုးကန့်တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံထား ရပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူ ၉သောင်းကျော်ရှိတယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။
ဒီနေ့ အမျိုးသားလွှတ်တော်မှာ အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်အတွင်း လဝက၀န်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေနဲ့ ကိုးကန့်တိုင်းရင်းသားတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ခွင့်အတွက် ဖြေလျှော့ပေးမယ့် အစီအစဉ်ရှိ မရှိကို လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင် က မေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ဖြေကြားခဲ့ တာဖြစ်ပါတယ်။
"ပြည်ထောင်စုစာရင်းများအရ မှတ်ပုံတင်ထုတ်ပေးနိုင်တဲ့ အသက် ၁ဝ နှစ်အထက် ကိုးကန့်လူမျိုး စုစုပေါင်း ၁၁၈၆၉ ရှိဦးရှိသည့်အနက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးသူ ၉၂၇၄၄ ဦးရှိပါတယ်၊ ဧည့်နိုင်ငံသားလက်မှတ် ၁ဝ၄ ဦး နိုင်ငံသားပြုခွင့်ရသူလက်မှတ် ၃၅၄ ဦး အမျိုးသား မှတ်ပုံတင် သက်သေခံကဒ်ပြား ၇၄၆၄၅ ဦး နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကဒ်ပြား ၅၂၄၅ ဦး ထုတ်ပေးပြီးဖြစ်ပါတယ်"
ကိုးကန့်ဒေသမှာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံထားရသူတွေနဲ့ တဖက်နိုင်ငံက တိုင်းရင်းသား မဟုတ်သူတွေ ရောနှောနေထိုင်နေကြောင်းလည်း ဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့ပါတယ်။
ကိုးကန့်ဒေသမှာ ကိုးကန့်လူမျိုး ၃သိန်းနီးပါးရှိပြီး အဲဒီထဲက ၉သောင်းကျော်ကို ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ အညီ နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးထားတာဖြစ်ပါတယ်။
အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်အတွင်း ရွှေ့ပြောင်းနေထိုင်တဲ့အလုပ်သမားတွေကို အိမ်ထောင်စုလူဦးရေစာရင်းနဲ့ ကိုင်ဆောင်သင့်တဲ့ မှတ်ပုံတင် ထုတ်ပေးဖို့နဲ့ အခြေခံပညာကျောင်းတွေမှာ အသက် ၁၀ နှစ်ပြည့်ပြီးသူတွေကို သက်ဆိုင်တဲ့ မှတ်ပုံတင် ထုတ်ပေးဖို့တို့ကို စီစဉ်နေကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။