လိပ်ကျွန်း လူသတ်မှု စီရင်ချက်ကို ဆန္ဒပြမှုတွေ မြို့ကြီးများမှာ ဖြစ်ပွါး


2015.12.26
taunggyi-kho-tao-protest-620.jpg မြန်မာနိုင်ငံသား ၂ ဦးကို သေဒဏ်ချမှတ်ခံရမှု ပယ်ဖျက်နိုင်ဖို့ တောင်ကြီးမြို့က ရဟန်းသံဃာတော်တွေနဲ့ မြို့သူမြို့သားတွေက ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဆန္ဒဖော်ထုတ်ကြစဉ်
Photo: Khun Yazar/ RFA

ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို Koh Samui ခရိုင် တရားရုံး က သေဒဏ်ချမှတ်လိုက်တဲ့အတွက် တစ်နိုင်ငံလုံးက မြို့ကြီးတွေ အများအပြားမှာ ကန့််ကွက်ဆန္ဒပြ မှုတွေ ဖြစ်ပေါ်နေကြပါတယ်။

ရန်ကုန်မြို့ ပြည်လမ်းက ထိုင်းသံရုံးရှေ့မှာ သံဃာတော်တွေနဲ့ ပြည်သူတွေက ဒီနေ့ ၃ ရက်မြောက်နေ့အဖြစ် ဆန္ဒပြကြပါတယ်။ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို သက်သေခိုင်လုံမှုမရှိပဲ သေဒဏ်ချမှတ် လိုက်တာဟာ တရားမျှတမှုမရှိဘူးလို့ ထိုင်းသံရုံးရှေ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ထားထက်ထက် က ပြောပါတယ်။

"ဒါ မြန်မာနိုင်ငံသားအားလုံးရဲ့ မျိုးချစ်စိတ်ရှိတဲ့အနေနဲ့ပေါ့နော် ဒါကမဖြစ်သင့်တဲ့အရာပေါ့နော်၊ ထားထက်ထက်တို့အနေနဲ့ တတပ်တအားကနေပါပြီးတော့ အကောင်းဆုံးဖြစ်စေချင်တယ်၊ ကိုယ့်မြန်မာနိုင်ငံ သားတွေကို အဲ့လိုမျိုး အနှိမ်ခံရတာမျိုး မဖြစ်စေချင်ဘူး၊ ကိုယ်တိုင်လည်း ဝမ်းနည်းမိတယ်ပေါ့နော်၊ ကိုယ့်ရဲ့မိသားစုလို အရမ်းခံစားရတယ်၊ ပြီးတော့ သူတို့ရဲ့ မိဖတွေနေရာကနေ အရမ်းခံစားရတယ်၊ အရင်တုန်းက ကြားတာကတော့ အားလုံးပြီးပြီးသား၊ လွှတ်ပြီးသားပေါ့နော်၊ ဒါကကျတော့ တရားမျှတမှုမရှိဘူး၊ မတရားခံရတယ်၊ အဲ့ဒီတော့ ကိုယ်လည်း မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မခံမရပ်နိုင်ဖြစ်ရတယ်"

ရန်ကုန်မြို့က ကန့်ကွက်ဆန္ဒပြပွဲတွေကို ဒီဇင်ဘာလ ၂၄ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး မနေ့က ခရစ်စမတ်နေ့မှာ လူဦးရေတစ်ထောင်ကျော် ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်းနိုင်ငံတဖက်ကမ်းက တာချီလိတ်မြို့မှာ ဒီကနေ့လုပ်တဲ့ ဆန္ဒပြပွဲမှာတော့ လူဦးရေ တစ်သောင်းနီးပါးအထိ ပါဝင်ခဲ့ပါတယ်။ အလားတူ ကန့်ကွက်ဆန္ဒပြပွဲတွေကို ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ စစ်တွေ၊ မန္တလေး၊ တောင်ကြီး၊ မုံရွာ စတဲ့မြို့ကြီးတွေမှာ ကျင်းပခဲ့ပါတယ်။

ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံ သား နှစ်ဦးကို လူသတ်မှု၊ မုဒိန်းမှု၊ တရားမဝင်နေထိုင်မှု စတဲ့အမှု ၇ မှုနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့က  Koh Samui ခရိုင်တရားရုံးက သေဒဏ်ချမှတ် လိုက်တာဖြစ်ပါတယ်။

ဒီအကြောင်း ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။