စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ ကိုမင်းမင်းရဲ့နာရေး

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်တပ်နဲ့ရဲက ဖမ်းဆီးပြီးနောက် အချိန် ၂၄ နာရီအတွင်း စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ ဆိုင်ကယ်ပြင်ဆရာ ကိုမင်းမင်းကို မနေ့က သူ့ရဲ့နေရပ်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ ကိုမင်းမင်းရဲ့နာရေးကို ၂၀၂၁ မေလ ၂၇ ရက်နေ့က နေအိမ်မှာပြုလုပ်စဉ်

စစ်ကိုင်းတိုင်း ကလေးမြို့မှာ မေလ ၂၅ ရက်နေ့က စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ အသက် ၃၉ နှစ် အရွယ် ကိုမင်းမင်းရဲ့ နာရေးကို မေလ ၂၇ ရက်နေ့မှာ ကလေးမြို့နယ် သာစည်ကျေးရွာက သူ့ရဲ့နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။
 
ကိုမင်းမင်းဟာ မေလ ၂၄ ရက်နေ့ မနက် ဆယ်နှစ်နာရီလောက်က မြို့သာရပ်ကွက်မှာရှိတဲ့ သူ့ရဲ့ ဆိုင်ကယ် ပြင်ဆိုင်မှာ အလုပ်လုပ်နေရင်း စစ်တပ်နဲ့ ရဲတွေက အင်အားအများအပြားနဲ့ ရောက်လာပြီး ဖမ်းဆီးခံခဲ့ရတာပါ။
 
သူ့ကို ကလေးမြို့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) ဝင်းထဲကို ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
 
အဲဒီနေ့ည ရှစ်နာရီအချိန်မှာတော့ မိသားစုက ကိုမင်းမင်းနဲ့ ပထမဆုံး တယ်လီဖုန်း အဆက်သွယ်ရခဲ့ပါတယ်။
 
အဲဒီအချိန်မှာ ကိုမင်းမင်းက သူ့ကို ကလေးမြို့ အထက(၆) စာသင်ကျောင်းကို ဗုံးခွဲတာနဲ့ ပတ်သက်လို့သူ့ကို လူငါးယောက်က တိုင်ထားတဲ့အတွက် အဲဒီဖောက်ခွဲမှုကို လုပ်၊ မလုပ်ဆိုတာကို မေးမြန်းခံနေရတဲ့အကြောင်း ပြန်ပြောပြခဲ့တယ်လို့ သူ့မိသားစုက ပြောပါတယ်။
 
သူနဲ့ဖုန်းဆက်ပြီး အချိန် ၁၂ နာရီလောက်အကြာ နောက်နေ့ မေလ ၂၅ ရက်နေ့ မနက် ၉ နာရီ ဒုတိယအကြိမ် ဖုန်းဝင်လာချိန်မှာတော့ သူ့ရဲ့ရုပ်အလောင်းကို ရင်ခွဲရုံကနေ ထုတ်ယူဖို့ စစ်တပ်က အကြောင်းကြားလာတဲ့ ဖုန်းဖြစ်နေတယ်လို့ ဆိုပါတယ်။
 
“အဲဒီ အစောင့်စစ်သားက အရပ်ဝတ်နဲ့ မုန့်တွေ လက်ဖက်ရည်တွေ ပြီးတော့ အဝတ်အစားတွေပေါ့ ကိုမင်းမင်းအတွက် လာယူတယ်။ လာယူပြီးတော့ သူ့အမျိုးသမီးက အိမ်ပြန်သွားတယ်။ လာယူပြီးတော့ နောက်တစ်နာရီ လောက်ကြာတော့ ဖုန်းထပ်ဆက်တယ်။ ကိုမင်းမင်းဆုံးပြီ။ ရင်ခွဲရုံမှာ ရှိတယ်ပေါ့ အလောင်း လာထုတ်လှည့်ပါပေါ့။ အဲဒါနဲ့ ရုတ်တရက်ဆိုတော့ အံ့သြသွားတာပေါ့။ တကယ်လဲ ထင်လဲ မထင်ထားဘူးပေါ့နော်။ အဲဒါနဲ့ပဲ မိသားစုဝင်တွေကို အကုန်ဆက်သွယ် အကြောင်းကြားပြီး လူနာတင် ကားနဲ့ အလောင်းသွားထုတ်ကြတာပေါ့”
 
ကိုမင်းမင်းရဲ့ခန္ဓာကိုယ်အနှံ့မှာ ညှဉ်းပမ်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေ အများအပြားကိုလည်း မိသားစုက မြင်တွေ့ခဲ့ကြရပါတယ်။
 
စစ်တပ်အရာရှိ တစ်ဦးကတော့ ကိုမင်းမင်း သေဆုံးသွားခဲ့တဲ့အပေါ်  စိတ်မကောင်း ဖြစ်ရတဲ့အကြောင်း ပြောဆိုပြီး ကိုမင်းမင်းအတွက် ငွေကျပ် ငါးသိန်းကို ပေးအပ်ခဲ့ကြတယ်လို့ မိသားစုက ပြောပါတယ်။

"လူတစ်ယောက်ကိုဖမ်းပြီး ဘာအပြစ်မှမရှိဘဲ နှိက်စက်ပြီး နောက်နေ့ကျ အလောင်းကို လာသယ်ခိုင်းတဲ့လုပ်ရပ်ဟာ တော်တော်ယုတ်ညံ့တဲ့လုပ်ရပ်ပဲ"

ကိုမင်းမင်းဟာ မြို့သာရပ်ကွက် နတ်ချောင်းလမ်းပေါ်မှာ စာရိတ္တမဏ္ဏိုင်ဆိုတဲ့ နာမည်နဲ့ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ပြီး အသက်မွေးဝမ်းကြောင်း ပြုခဲ့သူ တစ်ဦးဖြစ်ပါတယ်။
 
သူဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာတောင် မပါဝင်ဘဲ ရိုးရိုးကုပ်ကုပ်နဲ့ သူ့ရဲ့ဘဝကို ဖြတ်သန်း နေသူ တစ်ယောက်ဖြစ်ပေမယ့် စစ်ကောင်စီ သတင်းပေးတွေရဲ့ မှားယွင်းတဲ့ သတင်းပေးမှုတွေကြောင့် အခုလို နှိပ်စက်ရပြီးသေဆုံးခဲ့ရတာလို့ ကိုမင်းမင်းရဲ့ နာရေးကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ သူ့ရဲ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။
“တကယ် ကိုယ်လုပ်လို့ ကိုယ်ခံရတဲ့ ပြည်သူတစ်ယောက်ဆို အမတို့က မဆိုလိုပါဘူး။ အမတို့ကလေ သူက ဘာမှမလုပ်ဘူး။ ဒလန်ရဲ့ ယုတ်မာမှုကြောင့် တိုင်တာနေပြီးတော့မှ ဒီလို အသက်စတေး လိုက်ရတာ ကတော့ ရင်နာတယ်။ တကယ်တမ်းကတော့ အဲဒီလိုမျိုး လူတွေကိုလဲ နောက်ထပ် မဖြစ်စေချင်တော့ဘူး ပေါ့နော်။ သူကိုယ်တိုင်လဲ တကယ် နိုင်ငံရေးလောကထဲက လူလဲမဟုတ်ဘူး။ ဒီလိုမျိုး မတရား လုပ်ကြံ ခံပြီးတော့မှ အသက်ဆုံးရှုံးသွားတဲ့ အဆင့်ကျတော့လဲ မိသားစု တစ်ယောက်အနေနဲ့ကော ပြည်သူ တစ်ယောက် အနေနဲ့ကော ဒီလိုမျိုး စစ်ကောင်စီအနေနဲ့လည်း ဒါမျိုးတွေ နောက်ထပ် မဖြစ်စေချင် တော့ဘူး”
 
ကိုမင်းမင်းဟာ သူ့ရဲ့ ဆိုင်ကယ်ပြင်ဆိုင်ကနေ ရလာတဲ့ ဝင်ငွေနဲ့ သူ့ရဲ့ မိသားစုကို ကျွေးမွေးနေသူဖြစ်လို့ ကျန်ရစ်ခဲ့တဲ့ လူမမယ် ကလေးနှစ်ယောက် အပါအဝင် သူ့ရဲ့ မိသားစုရပ်တည်ရေးက ပိုမိုခက်ခဲလာနိုင်တယ် လို့လည်း ကိုမင်းမင်းရဲ့ မိတ်ဆွေက ပြောပါတယ်။
 
(စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးသွားတဲ့ ကိုမင်းမင်းပုံ) Photo: CJ
ကလေးမြို့မှာ စစ်ကောင်စီကို နည်းလမ်းအမျိုးမျိုးနဲ့ ဆန္ဒပြ သပိတ်တွေကို ဦးဆောင်လုပ်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူငယ်တစ်ဦးလည်း စစ်ကောင်စီရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။
 
“ဒီလိုမျိုး လူတစ်ယောက်ကို ဖမ်းပြီးမှ ဘာအပြစ်မှ မရှိဘဲနဲ့ နှိက်စက်ပြီးမှ နောက်နေ့ကျတော့ အလောင်းကို လာသယ်ခိုင်းတဲ့ လုပ်ရပ်ဟာ တော်တော် ယုတ်ညံ့တဲ့ လုပ်ရပ်ပဲ။ ကျနော်တို့ကို သူတို့ကို ဆန့်ကျင်ပြီး ဆန္ဒပြနေတာကို ကြောက်အောင် ခြောက်တာလဲ ပါတာပေါ့။ နောက်ဒါမျိုးကို မလုပ်ရဲအောင် ဆိုပြီးတော့။ ဒါပေမဲ့ အခုသေသွားတဲ့ ကိုမင်းမင်းဆိုရင် ဘာမှမဆိုင်တဲ့သူလေ။ ဘာမှမလုပ်တဲ့သူ။ အဲဒီ လူတစ်ယောက်ကို အကြောင်းပြချက် မရှိဘဲနဲ့ ဖမ်းဆီးပြီးတော့ ဒီရက်ရက်စက်စက် လုပ်ပြီးတော့ သေအောင်သတ်တယ်ဆိုတာ တော်တော်လေးကို ယုတ်ညံ့တာပေါ့ စစ်ကောင်စီက”
 
ကိုမင်းမင်းရဲ့ ရုပ်အလောင်းကိုတော့ မနေ့က မွန်းလွဲ နှစ်ရီလောက်အချိန်မှာ သာစည်ကျေးရွာ သုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ချိန်မှာ သူ့ရဲ့ မိသားစုမိတ်ဆွေတွေ အပါအဝင် လူအင်အား တစ်ထောင်နီးပါးလောက် လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။
 
စစ်ကောင်စီရဲ့ဆိုးရွားတဲ့လုပ်ရပ်တွေ အဆုံးသတ်နိုင်ဖို့အတွက် တော်လှန်ရေးကို ဆက်လုပ်ကြဖို့ ကိုမင်းမင်းရဲ့ မိသားစုဝင်က တောင်းဆိုပါတယ်။
 
“တကယ် တော်တော်ကြီးလည်း စိတ်မကောင်းဖြစ်ရတယ်။ အဲဒီအတွက်ပဲ ရှင်းရှင်း ပြောရရင် ပြည်သူတွေ နိုင်အောင်တိုက်ပေးပါ။ ဒီမိုကရေစီတိုက်ပွဲမှာ လက်နက်ကိုင် တော်လှန်နေကြတဲ့ Generation Z လူငယ်တွေ၊ Generation Y လူတွေကော အကုန်လုံး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီစစ်အာဏာရှင်ကို ပြန်တော်လှန်ပေးပါလို့ မနိုင်နိုင်အောင် တိုက်ပေးပါ၊ ပြန်တော်လှန်ပေးပါလို့ ပြောချင်တယ်”
 
ကိုမင်းမင်း သေဆုံးတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ 
 
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း  စစ်ကြောရေးစခန်းမှာ နှိပ်စက်ညှဉ်းပန်းခံရတဲ့ ဒဏ်ကြောင့် ရက်ပိုင်းအတွင်း သေဆုံးရသူ အနည်းဆုံး ၂၁ ဦးရှိပြီးလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောက်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org