ဖက်ဒရယ်တပ်မတော်ဖြစ်ဖို့ စိုးရိမ်မှုမဖြစ်သင့်ဘူးလို့ KNPP ဒုဥက္ကဌပြော
2014.01.25

တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်တဲ့ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ အမှန်တကယ် ထူထောင်မယ်ဆိုရင် တပ်မတော်ကိုလဲ ဒီစနစ်နဲ့ကိုက်ညီတဲ့ ဖက်ဒရယ်တပ်မတော်ဖြစ်ဖို့ လိုသလို ဒီအတွက်လည်း လက်ရှိတပ်မတော်အနေနဲ့ စိုးရိမ်မှုမဖြစ်သင့်ဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကပြောလိုက်ပါတယ်။
ကရင်ပြည်နယ် လော်ခီးလာဒေသမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေး တက်ရောက်နေတဲ့ KNPP ဒုတိယဥက္ကဌ ခူဦးရယ်လ်ကို RFA က မနေ့က တွေ့ဆုံမေးမြန်းရာမှာ အခုလိုပြောလိုက် တာပါ။
"ကျနော်တို့ တိုင်းပြည်ကြီးကို တကယ် ဖက်ဒရယ်စနစ်နဲ့ သွားမယ်ဆိုလို့ရှိရင်တော့ တပ်မတော်ကလည်း ဖက်ဒရယ်ဆီ ပြောင်းရမှာဖြစ်ပါတယ်၊ အဲဒီအပေါ်မှာကတော့ တပ်မတော်နဲ့ ပြည်သူလူထုတစ်ရပ်လုံးက စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်တယ် လို့တော့ ကြားရပါတယ်၊ အမှန်ကတော့ စိုးရိမ်ကြောင့်ကြစရာလည်း မဟုတ်ပါဘူး၊ တကယ်တမ်း ဖက်ဒရယ်စနစ်ကို သွားရမယ်ဆိုလို့ရှိရင်တော့ တပ်မတော်လည်း ဒီအဆင့်ကို ဒီလိုပဲပြောင်းရ မှာဖြစ်ပါတယ်၊ ကျနော်တို့ ဆိုလိုချင်တာက ရှိပြီးသား လက်ရှိတပ်မတော်ကို အသွင်ပြောင်းဖို့ သဘောမျိုးမဟုတ်ပါဘူး၊ ကျနော်တို့ တိုင်းပြည်ကြီးကလည်း တိုင်းရင်းသားတစ်မျိုးတည်း နေထိုင်တဲ့ တိုင်းပြည် မဟုတ်တဲ့အခါကျတော့ တိုင်းရင်းသားပေါင်းစုံ နေထိုင်တယ်ဆိုတော့လည်း ဘာပဲပြောပြော ကျနော်တို့ တိုင်းရင်းသားအားလုံး ပါဝင်မည့်တပ်မတော် ဖြစ်ဖို့များပါတယ်၊ ဒီပြည်ထောင်စုကြီးကို လည်း တိုင်းရင်းသားအားလုံးက မှီတင်းနေထိုင်တာပဲဆိုတော့ ပြည်ထောင်စုကြီးကို ကာကွယ်ဖို့လည်း တိုင်းရင်းသားတိုင်းမှာ တာဝန်ရှိပါတယ်၊ အဲဒီတော့ လက်နက်ကိုင်တပ်ဖွဲ့မှာလည်း အလားတူပဲ စုဖွဲ့ရမှာပဲဖြစ်ပါတယ်"
၅ ရက်တာကျင်းပခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကနေ အချက် ၁၁ ချက်ပါ အပစ်အခတ်ရပ်စဲရေးမူကြမ်းကို သဘောတူချမှတ်နိုင်ခဲ့ပြီး ဒီနေ့ကြေညာမယ်လို့လည်း KNPP ဒုတိယဥက္ကဌ ခူဦးရယ်လ်ပြောပါတယ်။