အစိုးရနဲ့ ကေအန်ပီပီ လွိုင်ကော်မြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေး


2013.06.19
knpp-gov-meeting-305.jpg ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့တို့ရဲ့ ဒုတိယအကြိမ်မြောက်၊ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို လွိုင်ကော်မြို့၊ တပ်နယ်ခန်းမမှာ ဇွန်လ ၁၉ ရက်နေ့ကပြုလုပ်စဉ်
photo: RFA/ Nay Thawe

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆာင်ရေး ကိုယ်စားလှယ် အဖွဲ့နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ရဲ့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့ တပ်နယ်ခန်းမမှာ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ကစလို့ ဇွန်လ ၂ဝ ရက်အထိ ကျင်းပနေပါတယ်။

ဒီကနေ့ တွေ့ဆုံမှု အခြေအနေနဲ့ ပတ်သက်လို့ မြန်မာ ငြိမ်းချမ်းရေးစင်တာက အကျိုးဆောင် တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက RFA ကို အခုလို ပြောပါတယ်။

"သီးခြားအစည်းအဝေးတော့လုပ်ပါတယ်၊ ဒါကတော့ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ၊ KNPP က တာဝန်ရှိသူတွေ ဆွေးနွေးတာဖြစ် ပါတယ်၊ အသေးစိတ် အချက်အလက်ကို ကျနော်တို့က မသိပါဘူး"

ကေအန်ပီပီ ကိုယ်စားလှယ်အဖွဲ့မှာ ဒုတိယ ဥက္ကဌ ခူးဦးရယ်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီးထူး အပါအဝင် ၁၄ ဦး တက်ရောက်ပြီး အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဘက်က ဝန်ကြီး ဦးအောင်မင်း၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးအပါအဝင် တပ်ဘက်ဆိုင်ရာ အကြီးအကဲတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ ဆွေးနွေးမှုနဲ့ ပတ်သက်လို့ ကေအန်ပီပီဘက်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်မယ့် စောင့် ကြည့်လေ့လာရေးအဖွဲ့ထားရှိဖို့၊ ကယားပြည်နယ် အတွင်း ရွှေ့ပြောင်းနေထိုင်သူတွေ အရေးကိစ္စ၊ မြေမြှပ်မိုင်း ရှင်းလင်းရေးစတဲ့ အချက်ပေါင်း ၈ ချက်လောက်ကို တင်ပြထားတယ်လို့ ဆိုပါတယ်။

နှစ်ဖက် တပ်နေရာချထားရေးနဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကိုတော့ ဇွန်လ ၁၉ ရက် ညနေပိုင်းလောက်မှာ တံခါးပိတ် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဇွန်လ ၂ဝ ရက် မနက်ဖြန်မှာလည်း နှစ်ဖက်ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးမှာ ပါဝင်တဲ့  ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေကို RFA သတင်းထောက် မအိအိခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကေအန်ပီပီ အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးရွှေမျိုးသန့်ကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။