ဖာပွန်က စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူ

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းအနီးက ခေါပုတ်ရှေ့တန်းစခန်းကို KNLA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဘလယ်ဒိုရွာရှိ စစ်ကောင်စီစခန်းများ သိမ်းပိုက်ထားသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဥ်။ Cobra Column-2 VENOM

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းအနီးက ခေါပုတ်ရှေ့တန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ အောက်တိုဘာလ ၃၀ ရက်နေ့က သိမ်းယူလိုက်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်က စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကို သိမ်းယူနိုင်ခဲ့တဲ့အကြောင်း စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ အဖွဲ့တွေထဲက ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တာဝန်ခံ မောင်ဆောင်းခက သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဆယ်ဦး သေဆုံးပြီး သုံ့ပန်း ခြောက်ဦး ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။ အဲဒီစခန်းကို ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး KNLA နဲ့ ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်ခဲ့တာပါ။

စခန်းသိမ်းလိုက်တာနဲ့ပတ်သက်ပြီး KNU ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးတာကြောင့် KNU ပြောရေးဆိုခွင့်ရှိသူတွေကို RFA က စာပို့မေးမြန်းထားပေမဲ့ ပြန်မဖြေသေးပါဘူး။

ထိုင်းမီဒီယာတချို့မှာတော့ KNU တာဝန်ရှိသူတစ်ဦးက ဒီစခန်းသိမ်းနိုင်ခဲ့တာနဲ့ပတ်သက်ပြီး အောက်တိုဘာ ၃၀ ရက်နေ့က အတည်ပြုထားတယ်လို့ ဖော်ပြကြပါတယ်။ ဒီစခန်းဟာ ထိုင်းနိုင်ငံဘက်က မယ်ဟောင်ဆောင်ရဲ့ အနောက်မြောက်ဘက် ၂၁ ကီလိုမီတာ အကျော်မှာ တည်ရှိတဲ့စခန်းဖြစ်တယ်လို့လည်း ထိုင်းမီဒီယာတွေမှာ တွေ့ရပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ကထုတ်ပြန်တဲ့ KNU တပ်မဟာ ၅ ရဲ့ မူတြော်သတင်းစဉ်မှာတော့ ခေါပူ(ခေါပုတ်)ကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီစခန်းသိမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org