ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လူမျိုးစုတွေကိုပါ ဖိတ်မည်


2013.10.03
kio-technical-team-305.jpg မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာရှိတဲ့ ကေအိုင်အို အကြံပေးအလုပ်အဖွဲ့ရုံးမှာ အောက်တိုဘာ ၃ ရက်က အစိုးရနဲ့ ကေအိုင်အို အလုပ်အဖွဲ့တို့ တွေ့ဆုံစဉ်
photo: RFA/ Kyaw Myo Min

လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားဖို့ သဘောတူလိုက်ကြပါတယ်။

ကချင်ပြည်နယ်က နိုင်ငံရေးပါတီ ၉ ပါတီက ကိုယ်စားလှယ်တွေနဲ့ ရဝမ်၊ လီဆူးစတဲ့ ကချင်မျိုးနွယ်စုတွေ အပါအဝင် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်တွေကိုလည်း လေ့လာသူတွေအဖြစ် ဖိတ်ကြားမှာဖြစ်ကြောင်း ကေအိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကပြောပါတယ်။

"ဒီလေ့လာသူတွေကိုဖိတ်ဖို့ ကျနော်တို့နှစ်ဖက် သဘောတူထားတယ်၊ လွန်ခဲ့တဲ့အချိန်မှာက ကျနော်တို့ပြည်သူတွေမပါဘူး၊ အရပ်ဖက်အဖွဲ့အစည်းတွေမပါဘူး၊ နှစ်ဦးနှစ်ဖက်ပဲတွေ့ခဲ့တယ်၊  ပြဿနာကမရှင်းဘူး၊ ပြန်ဖြစ်တယ်၊ ပြီးရင်လူထုက ပြန်နစ်နာတယ်၊ နိုင်ငံတော်တစ်ခုလုံး နစ်နာတယ်၊ ကချင်ပြည်နယ်အတွင်းရှိ တရားဝင်နိုင်ငံရေးပါတီ ၉  ဖွဲ့ရှိတယ်၊ သူတို့ကိုဖိတ်မယ်၊ ကျနော်တို့လက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းတွေကို ဖိတ်မယ်"

အခုလ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ နှစ်ဖက်တပ်ပိုင်းဆိုင်ရာကိစ္စတွေ၊ စစ်ဘေးဒုက္ခသည်ကိစ္စတွေကို အဓိကထားဆွေးနွေးမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။