အစိုးရနဲ့ ကေအိုင်အို မြစ်ကြီးနား မှာ တွေ့ဆုံဆွေးနွေးဖွယ်ရှိ
2013.04.03

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆာင်ရေးအဖွဲ့တို့ ဒီတစ်ကြိမ်ဆွေးနွေးပွဲကို ကချင်ပြည်နယ် မြို့တော်၊ မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့ အစိုးရဖက်က ကမ်းလှမ်းထားကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေက RFA ကို ဒီနေ့မှာပြောပါတယ်။
နှစ်ဖက်ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေ လာမယ့်သတင်းပတ်အတွင်း မြစ်ကြီးနားမြို့ မှာ တွေ့ဆုံဆွေးနွေးဖို့အတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဆိုပြုကမ်းလှမ်းခဲ့တာဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက ပြောပါတယ်။ ဒီကမ်းလှမ်းချက်အပေါ် KIO ဘက်ကလည်း ဒီရက်ပိုင်းအတွင်း အကြောင်းပြန်မယ်လို့ မျှော်လင့်ကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။
အစိုးရနဲ့ ကေအိုင်အိုတို့ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာက တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြီးခဲ့တဲ့မတ်လ ၁၁ ရက်နေ့ကဖြစ်ပြီး အဲဒီအချိန်က သဘောတူညီချက်တချို့ကို ပူးတွဲထုတ်ပြန်နိုင်ခဲ့ပါတယ်။
အစိုးရဖက်က နှစ်ဖက်ဆွေးနွေးပွဲတွေကို မြန်မာပြည်တွင်းမှာပဲ ကျင်းပလိုကြောင်း KIO အဖွဲ့ကို အဆိုပြုခဲ့ကြောင်းလည်း သိရပြီး၊မြစ်ကြီးနားမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့နဲ့ မတ်လ ၁၁ ရက်နေ့ ရွှေလီဆွေးနွေးပွဲတွေလို လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်မှာဖြစ်တယ်လို့ ပြောပါတယ်။
နှစ်ဖက်ကိုယ်စားလှယ်တွေ ဆွေးနွေးမယ့် အကြောင်းအရာတွေကို လတ်တလောမှာ မသိရသေးပေမဲ့ ရွှေလီမြို့က နောက်ဆုံးတွေ့ဆုံပွဲက ဆွေးနွေးချက်တွေ သဘောတူချက်တွေအတိုင်း ဆက်လက်ပြီး ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။
အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုအကြား နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ စုစုပေါင်း ၁၂ ကြိမ်ထက်မနည်းရှိခဲ့ပြီလို့ သိရပါတယ်။