မြောက်ကိုရီးယားနဲ့ မြန်မာ ပုံမှန်ဆက်ဆံသွားဖို့ရှိ

မြောက်ကိုရီးယားမှာ ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်သွားပေမယ့် မြန်မာနိုင်ငံအနေနဲ့ ၂ နိုင်ငံအကြား ပုံမှန်အတိုင်း ချစ်ကြည်စွာ ဆက်ဆံသွားဖို့ ရှိကြောင်း သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က အာရ်အက်ဖ်အေကို ဒီကနေ့ ပြောကြားပါတယ်။

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က (DPRK) မြောက်ကိုရီယား နိုင်ငံတည်ထောင်ခြင်း ၆၃ နှစ်မြောက် ကျင်းပသည့် စစ်ရေးအခန်းအနားတစ်ခုတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ်ကို တွေ့ရစဉ်။ မစ္စတာ ကင်မ်ဂျုံအီလ် (အသက် ၆၉ နှစ်) သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နှလုံးရောဂါနှင့် ကွယ်လွန်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ AFP

မြန်မာနိုင်ငံဟာ ကြားနေမူဝါဒကို ကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံသွားမယ်လို့ ထင်ကြောင်း ဒေါက်တာနေဇင်လတ်က မိမိအမြင်ကို ပြောပါတယ်။

ဒီလို ဆက်လက် ဆက်ဆံပေမယ့် အများပြောဆိုနေတဲ့ နျူကလီးယား လက်နက်နဲ့ စစ်ရေးဆိုင်ရာ ဆက်ဆံရေးတော့ ရှိမှာမဟုတ်ဘူးလို့လည်း ဒေါက်တာနေဇင်လတ်က ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်ပြီး နောက်ပိုင်း မြောက်ကိုရီးယားမှာ အပြောင်း အလဲတွေ ပေါ်ပေါက်လာနိုင်တယ်လို့ မြန်မာ အစိုးရအရာရှိတစ်ဦးက ပြောဆိုကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်း မြောက်ကိုးရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်သွားအပြီး မြောက်ကိုရီးယား နိုင်ငံမှာ နောင်တက်လာမယ့် ခေါင်းဆောင်သစ် အနေနဲ့ ကိုးရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ တိုက်တွန်းကြောင်း အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒါအပြင် မြောက်ကိုးရီးယား ခေါင်းဆောင်သစ် အနေနဲ့ ပြည်တွင်းမှာလည်း နိုင်ငံရေးအရ အေးချမ်း တည်ငြိမ်မှုရှိအောင် စွမ်းဆောင်နိုင်စေချင်ကြောင်း အင်န်အယ်လ်ဒီ ခေါင်းဆောင် ဦးတင်ဦးက ပြောပါတယ်။

မြန်မာ အစိုးရ အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့မှာ ဖြစ်ကြောင်းလည်း မြန်မာ အစိုးရအရာရှိ တစ်ဦးက မနေ့က ပြောကြားခဲ့ပါတယ်။

မြန်မာ အစိုးရအရာရှိ နောက်တစ်ဦးကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့မယ့် ကိစ္စဟာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်း၊ အခုတလော မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို နိုင်ငံတကာ အသိုင်းအဝန်းက နားလည်မှု လွဲနေကြောင်း ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org