အုတ်ဖိုမှာ အမျိုးသားသုံးဦး သတ်ဖြတ်ခံရပြီး ဒေသခံသုံးရာဝန်းကျင် ထွက်ပြေးနေရ

အုတ်ဖိုမြို့နယ် ပဲခူးရိုးမအနီးက ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာနေကြောင့် ဒေသခံသုံးရာဝန်းကျင် ထွက်ပြေးနေရပြီး အမျိုးသားသုံးဦးလည်း သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ကန့်နီရွာရှိ နေအိမ်များ မီးရှို့ခံရသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ရစဥ်။ Screenshot: Citizen Video

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ပဲခူးရိုးမအနီးက ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာနေကြောင့် ဒေသခံသုံးရာဝန်းကျင် ထွက်ပြေးနေရပြီး အမျိုးသားသုံးဦးလည်း သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက အောက်တိုဘာ ၂၈ ရက် ဒီနေ့မှာ ပြောပါတယ်။

ကန့်နီ၊ တံငါကုန်းနဲ့ ဘော်ဘင်တိုက်ရွာတွေကို အောက်တိုဘာ ၂၃ ရက်နေ့ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့တာကြောင့် ဒေသခံတွေ ဒီနေ့အထိ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးချိန် ကန့်နီရွာက အသက် ၃၀ ဝန်းကျင် အမျိုးသားငါးဦးလည်း ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာ ၂၅ ရက်နေ့မှာ အဲဒီထဲက သုံးဦးကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဖမ်းခံရတာ ငါးဦးက နှစ်ယောက်ကတော့ မြို့ပေါ် ရောက်သွားပြီဗျ။ သုံးယောက်ကတော့ စစ်ဆေးရင်းကနေ လက်လွန်သွားတယ်လို့ သိရတယ်။ အဲဒီမှာ အိမ်တွေ မီးတို့တော့ တစ်ခါတည်း အလောင်းတွေထည့်ပြီး မီးရှို့ပစ်လိုက်တယ်”

သတ်ဖြတ်ခံရသူတွေက အသက် ၃၀ ဝန်းကျင် ကန့်နီရွာက ကိုဖိုးညှက်နဲ့ ကိုမျိုးဖြစ်ပြီး တစ်ဦးကတော့ အမည်မသိရသေးဘူးလို့ သူက ပြောပါတယ်။

အဲဒီစစ်ကြောင်းက ဘော်ဘင်တိုက်ရွာက နေအိမ်အလုံး သုံးဆယ်နဲ့ ကန့်နီရွာက နေအိမ် ခုနှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်း ရှိနေသေးတာကြောင့် အဲဒီအနီးတစ်ဝိုက်မှာရှိတဲ့ ဆင်တဲကုန်းနဲ့ နွယ်ခွေရွာမှာ နေထိုင်သူတွေလည်း တိမ်းရှောင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အောက်တိုဘာ ၃ ရက်နေ့က အုတ်ဖိုနဲ့ ကြို့ပင်ကောက်မြို့နယ်အစပ် ပဲခူးရိုးမအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် အခုလို စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org