ကေအိုင်အေတပ်ရင်းတစ်ခု ကာမိုင်းမြို့နယ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့နယ် မိုးကောင်း-ဖားကန့် ကားလမ်းပေါ်မှာ ရှိတဲ့ ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းကို ဒီကနေ့မနက် ၄ နာရီ အချိန်လောက်က ခန့်မှန်း အင်အား လူဦးရေ ၅၀ လောက်ရှိတဲ့ ကေအိုင်အေ တပ်ရင်း ၆ လက်အောက်ခံတပ်က ဝင်ရောက်ပစ်ခတ် စီးနင်းခဲ့တဲ့အတွက် အဲ့ဒီစခန်းက ရဲဝန်ထမ်းနဲ့ မိသားစုဝင်တွေ အပါအဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

2012.12.18
KIA_kachin_laiza_305_z.jpg ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ
Photo: Kachin News Group

ကေအိုင်အေဘက်က ဒီမနက်အစောပိုင်းမှာ  ကာမိုင်းရဲစခန်းလက်နက်တိုက်ကို ဝင်စီးခဲ့တာနဲ့ ပတ်သက်ပြီး အဲ့ဒီစခန်းက သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ကားမိုင်းမြို့နယ်ခွဲဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၃ ဦးကိုလည်း အရေးပေါ်ခွဲစိတ်ကုသနေရပြီး ဝေဒနာပြင်းထန်လာရင် မိုးကောင်းနဲ့ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ကုသဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဖားကန့်မြို့က အင်န်ဒီအက်ဖ် ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာကို မေးကြည့်တော့

" ဟုတ်တယ် မနက်က ကျမ ယုဇန ကိစ္စနဲ့ပတ်သက်လို့ ရွာတွေကို ခေါ်ဖို့ လမ်းကြောင်း အခြေအနေမေးကြည့်တဲ့အခါ မနက်ပိုင်း ၅ နာရီလောက်မှာ ကေအိုင်အေ တွေက ရဲစခန်းကို ဝင်သိမ်းတယ် တချို့တွေက ထွက်ပြေးတယ်လို့ပြောတယ်။ ဝင်သိမ်းတဲ့အပေါ်မှာ ချုပ်ထားတဲ့ အချုပ်သားတွေကို အကုန်လွှတ်ပေးလိုက်တယ်တဲ့ ပြီးတော့ လက်နက်ကြီးတွေရော လက်နက်အသေးတွေရော အတော်လေးသိမ်းလိုက်တယ်လို့ကြားတယ်။ အခုအချိန်မှာတော့ လမ်းမှာ စစ်တပ်တွေက အကုန်ပိတ်ထားတယ် ဘယ်မှ မသွားခိုင်းဘူး "

ဒီအကြောင်းနဲ့ပတ်သက်လို့ ကားမိုင်းရဲစခန်းကို RFA က ဆက်သွယ်ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

ကားမိုင်းနဲ့ ၂၆ မိုင်ဝေးတဲ့ မိုးကောင်းရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ခုလိုပြောပါတယ်။

" အတိအကျ  မသိရသေးပဲ   လောလောဆယ်တော့ စုံစမ်းနေတုံးပါပဲ"

မိုးညှင်းခရိုင်ရဲစခန်းကို ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေဆိုခြင်းမရှိပါဘူး။  ဒီကိစ္စနဲ့ပတ်သက်လို့ ကေအိုင်အိုကို ဆက်သွယ်မေးမြန်းကြည့်တော့ အစိုးရတပ်က ဗဟိုနဲ့ ကေအိုင်အေ စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အောက်ခြေတပ်တွေက အခုလို ရဲစခန်းကို ဝင်တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ အတည်ပြုပြောဆိုပေမဲ့ အသေးစိတ်ကိုတော့ အစီအရင်ခံစာ တက်မလာသေးတာကြောင့် မသိရသေးဘူးလို့ အမည်မဖေါ်လိုတဲ့ ကေအိုင်အို အရာရှိတစ်ယောက်က ပြောပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့က ကေအိုင်အို ဌာနချုပ်အနီးရှိ လက်ျားယန်တပ်စခန်းကို အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်သလို ပန်ဝါဒေသမှာလဲ နှစ်ဖက်တပ်တွေ ဒီနေ့ ၁၂ နာရီအထိ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။