ALD ဗဟိုကော်မတီဝင် လုပ်ကြံခံရ


2018.12.25
khinthanmaung-ald-622.jpg သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးခင်သန်းမောင် ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာမှာနေထိုင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခင်သန်းမောင်ဟာ မနေ့ကည ၁၀ နာရီကျော်အချိန်လောက်မှာ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

မနေ့ကညက သူ့ရဲ့မိသားစုဝင်တွေအားလုံး သာယာကုန်းဘိုးဘွားရိပ်သာမှာပြုလုပ်နေတဲ့ ဇာတ်ပွဲကို သွားရောက် ကြည့်ရှုနေကြပြီး အိမ်မှာတစ်ယောက်တည်းရှိနေစဉ် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ရဲအရာရှိတွေက ပြောပါတယ်။

ဦးခင်သန်းမောင်ဟာ ယာဘက်နားထင်သေနတ်ဒဏ်ရာနဲ့ ပလက်စတစ်ခုံမှာ ထိုင်လျက်အနေအထား သေဆုံးနေတာကို သူ့ရဲ့ သမက်နဲ့သမီးဖြစ်သူတို့ နေအိမ်ပြန်ရောက်ချိန်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်နေရာကို ရဲအရာရှိတွေ သွားရောက်စစ်ဆေးနေစဉ်မှာတော့ 9 mm Luger အမျိုးအစား ကျည်ခွံတစ်ခုနဲ့ အဲဒီအနီးမှာ ကျည်ထိပ်ဖူးတစ်ခုကိုပါ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ ဦးခင်သန်းမောင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မြေပုံမြို့နယ်က တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ထူထောင်ရာမှာပါဝင်ခဲ့သူဖြစ်ပြီး တရားခံကို အမြန်ဆုံးဖော်ထုတ် ရမိရေးအတွက် ပါတီဘက်က တွန်းအားပေးသွားမှာဖြစ်တယ်လို့ ALD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

ဒါ့အပြင် အခုလိုလုပ်ကြံသတ်ဖြတ်ခံရတာဟာ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံမှုမရှိတာကို ပြဿနေကြောင်း၊ အကြမ်းဖက်လုပ်ရပ်တခုအဖြစ် ကန့်ကွက်ရှုတ်ချကြောင်း ALD ပါတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။