စဉ့်ကိုင်မြို့နယ်က တောင်သူ ၉ ဦး တရားစွဲခံရ
2016.09.30

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ခန်လူးကျေးရွာမှာ ကျေးရွာပိုင်မြေနေရာကို ခြံစည်းရိုးဝင်ခတ်တဲ့ အမှတ်(၂) စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ) ကို တားမြစ်ခဲ့တဲ့ ကျေးရွာသား ၉ ဦးကို ပိုင်နက်ကျူး လွန်မှု ပုဒ်မ ၄၄၇ နဲ့ မနေ့က အမှုဖွင့်လိုက်ပါတယ်။
လက်ရှိအချိန်မှာတော့ ခြံစည်းရိုးခတ်တာကို ရပ်နားလိုက်ပြီး တားမြစ်သူ ၉ ဦး တရားစွဲခံထားရတယ်လိုက တရားစွဲဆိုခံရတဲ့ တောင်သူ ဦးစိုးဆွေ ကပြောပါတယ်။
အမှတ်(၂) စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်က ခန်လူးကျေးရွာသား ၂၄ ဦး ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၇၀ လောက်ကို သီးနှံလျော်ကြေးပေးပြီး သိမ်းယူထားတာ ဖြစ်ပါတယ်။
သိမ်းဆည်းစဉ်ကတည်းက ပိုလျှံနေတဲ့ မြေဧက ၅၀ လောက်မှာ မူလတောင်သူတွေက ဆက်လက်လုပ်ကိုင်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လက အဲဒီပိုလျှံမြေတွေကို စရဖအဖွဲ့က ခြံစည်းရိုးခတ်တာတွေ စတင်လုပ်ဆောင်လာခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ခန်လူးကျေးရွာနဲ့ ထိစပ်နေတဲ့ လက်ပံချိုင့်ကျေးရွာ၊ တဘက်ဆွဲ၊ စကားအင်း စတဲ့ကျေးရွာတွေမှာလည်း အမှတ်(၃၀၂၇) အမြောက်တပ် က လယ်ယာမြေဧက ၂၀၀၀ နီးပါးကို လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာ တချိန်တည်း သိမ်းဆည်းခဲ့ပါတယ်။ အဲဒီအခြေစိုက်တပ်က ပိုလျှံမြေအားလုံးမှာ တောင်သူတွေကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။