ပလောင်အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး စတင်ဆွေးနွေး
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့တွေ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး ပြည်နယ်အဆင့် ဒီကနေ့စတင်ဆွေးနွေးကြရာ နှစ်ဘက်နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံဖို့၊ အပစ်အခတ် ရပ်စဲရေး ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
-
2013-07-31 -
-
-
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့တွေ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး ပြည်နယ်အဆင့် ဒီကနေ့စတင်ဆွေးနွေးကြရာ နှစ်ဘက်နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံဖို့၊ အပစ်အခတ် ရပ်စဲရေး ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးအဖွဲ့က ဒု ဗိုလ်မှုးကြီး တာဘုန်းကျော် ဦးဆောင်တဲ့ ၉ ဦးပါဝင်ပြီး အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မီတီ ဒုတိယဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ တက်ရောက်ကြတယ်လို့ သိရပါတယ်။ ဒီနေ့ဆွေးနွေးပွဲ အခြေအနေနဲ့ ပတ်သက်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဒုဗိုလ်မှုးကြီး တာဘုန်းကျော်က အခုလို ပြောပြပါတယ်။
"ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုဆိုတော့ ကျနော်တို့တစ်ဘက်နဲ့ တစ်ဘက် ယုံကြည်မှုတွေတည်ဆောက်တဲ့အပိုင်းကို အဓိကထားတာပါ၊ အစည်းအဝေးကို နောက်တစ်ကြိမ်ပြန်လုပ်ဖို့ သဘောတူကြတယ်၊ အပစ်အခတ်ရပ်စဲရေးလုပ်နိုင်တဲ့အထိ ယုံကြည်မှုတွေ အမြန်ဆုံးတည်ဆောက်ပြီးတော့မှ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဆောင်ရွက်သွားဖို့ သဘောတူညီချက်ရပါတယ်၊ အောင်မြင်တဲ့ဆွေးနွေးပွဲတစ်ရပ်လို့ ပြောလို့ရပါတယ်၊ အခုကျနော်တို့ တိုင်းမှူးနဲ့ဆက်သွယ်နိုင်တဲ့ နည်းလမ်းတွေ ငြိမ်းချမ်းရေးစင်တာအဖွဲ့နဲ့ ဆက်သွယ်တဲ့လမ်းကြောင်းတွေ ယုံကြည်မှုတွေတိုးပြီး တည်ဆောက်မယ်၊ တိုက်ပွဲဖြစ်မှုတွေ လျော့ချမယ့်နည်းလမ်းတွေ ရှာကြံသွားမယ်၊ အဲဒီကနေတဆင့်မှ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေးလုပ်နိုင်တဲ့အထိ ကြိုးစားသွားဖို့ ကျနော်တို့သဘောတူခဲ့ပါတယ်"
လေ့လာသူတွေအဖြစ် ကေအိုင်အို၊ မွန်ပြည်သစ်ပါတီ၊ SSPP/SSA ရှမ်းပြည်တပ်မတော်မြောက်ပိုင်း၊ ပလောင်ရပ်မိရပ်ဖအဖွဲ့နဲ့ အမျိုးသမီးအဖွဲ့တွလဲ ဒီဆွေးနွေးပွဲမှာ ပါဝင်ကြတယ်လို့ သိရပါတယ်။ အစိုးရဘက်က ဆွေးနွေးတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။
"ရလာဒ်ကတော့ နှစ်ဘက်တွေ့ဆုံဆွေးနွေးတာကောင်းပါတယ်၊ အဲဒီနှစ်ဖွဲ့ နောက်တစ်ကြိမ်တွေ့ဆုံပြီးတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ကြိုးစားမယ်၊ နှစ်ဘက်စလုံးရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ညှိုနှိုင်းမယ်၊ ရလာဒ်ကတော့ ဒီလောက်ပဲဗျ၊ ဘာကြောင့်လဲဆိုတော့ ပြည်နယ်အဆင့်ဖြစ်တဲ့အတွက် အစိုးရဘက်က အပစ်အခတ်ရပ်စဲဖို့လက်ခံတယ်၊ အစိုးရဘက်က အပစ်အခတ်ရပ်စဲဖို့လည်း ပြင်ဆင်လာတယ်၊ ပလောင်ဘက်ကတော့ လက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သေးတဲ့အတွက် လက်မှတ်မရေးထိုးနိုင်သေးပါဘူး "
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး ကော်မီတီအဖွဲ့နဲ့ တရားဝင်တွေ့ဆုံဆွေးနွေးတာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။
နောက်တစ်လအတွင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအတွင်းက နမ့်ဆန်မြို့မှာ တွေ့ဆုံဆွေးနွေးဖို့ အစိုးရဘက်ကအဆိုပြုထားပြီး ရက်အတိအကျကိုတော့ မသတ်မှတ်ရသေးပါဘူး။