ကသာမြို့အနီး နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့

စစ်ကိုင်းတိုင်း ကသာမြို့အနီးမှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ဇန်နဝါရီ ၂၂ နဲ့ ၂၃ ရက် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ကသာမြို့နယ် အင်းရွာကျေးရွာမှာ ၂၀၂၂ ဇန်နဝါရီ ၁၉ ရက်နေ့က စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်တွေကို တွေ့ရစဥ် Photo: KATHA Revolution - IR
စစ်ကိုင်းတိုင်း ကသာမြို့အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကသာမြို့နယ် ဒေသကာကွယ်ရေး တပ် PDF တို့ ဇန်နဝါရီ ၂၂ နဲ့ ၂၃ ရက်တွေက နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ တယ်လို့ ကသာ PDF က ထုတ်ပြန်ထားပါတယ်။
 
ဇန်နဝါရီ ၂၂ ရက်နေ့မှာ ကသာမြို့နဲ့ ၄ မိုင်လောက်ဝေးတဲ့ မန်စီရွာနဲ့ နတ်လှိုင်ရွာကြားမှာ မနက်ပိုင်း နှစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
ကသာမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ (၃၀၉) ကနေ လက်နက်ကြီးတွေနဲ့ ၆ ကြိမ်အထိ ပစ်ခဲ့ပြီး နတ်လှိုင်ရွာက ရွာသားနှစ်ဦး ထိခိုက်ရာကနေ အဂွန်းဆိုတဲ့ အသက် ၂၀ အရွယ် ရွာသားတစ်ဦး သေဆုံးသွားတယ်လို့ ကသာဒေသခံတစ်ဦးက ဆိုပါတယ်။
 
ဇန်နဝါရီ ၂၃ ရက် မနက် ၅ နာရီလောက်ကလည်း တိုက်ပွဲတွေဆက်ဖြစ်ရာ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၅ ယောက် သေဆုံးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
 
နှစ်ရက်လုံးတိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ အင်းတော်မြို့ဘက်ကို ထွက်သွားလို့ ဒေသခံတွေ ကိုယ့်အိမ်တွေဆီ ပြန်နေကြပြီလို့ ဆိုပါတယ်။
 
အဲဒီတိုက်ပွဲမှာ ကသာ PDF တပ်ဘက်ကနေ ABSDF တပ်ဖွဲ့ဝင်တွေက ပူးပေါင်းတိုက်ခိုက် ခဲ့တယ်လို့ ဆိုပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြား ရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို တိုက်ပွဲအခြေအနေ အတည်ပြုနိုင်ဖို့အတွက် ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
 
ကသာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တွေ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ မကြာ မကြာဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၂ ၊ ၁၈ နဲ့ ၂၁ ရက်တွေက စစ်တပ်က လေကြောင်း ကနေ ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org