ကန့်ဘလူမြို့ မလည်ရွာက စစ်တပ်သတင်းပေးနှစ်ဦး အသတ်ခံရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ် မလည်ရွာက စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုတဲ့အဖွဲ့ရဲ့ ခေါင်းဆောင် တစ်ဦးနဲ့ အဖွဲ့ဝင်တစ်ဦး စက်တင်ဘာလ ၂၁ ရက် မနေ့ ၁၂ နာရီခွဲခန့်က ဗစည်ကြီးရွာနဲ့ မလည်ရွာအကြားမှာ ဓားဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးခဲ့သူတွေဟာ အသက် ၄၅ နှစ်အရွယ် ဦးဇော်လင်းအောင်နဲ့ ဦးမောင်ထွန်း တို့ဖြစ်ကြပြီး စစ်ကောင်စီကို သတင်းပေးဒလံ လုပ်ပေးနေသူတွေလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မလည်ရွာဒေသခံက ပြောပါတယ်။
“အဲခေါင်းဆောင်က စစ်ကောင်စီ တပ်သားတွေကိုခေါ်ပြီး ထမင်းချက်ကျွေးတာတို့ သောက်စားဖို့ စီစဉ် ပေးတာတို့ လုပ်ပေးနေတာဗျ၊ ပျူစောထီးတွေကိုလည်း လက်နက်တပ်ဆင်ပေးတယ်ဗျ၊ ရွာမှာ တက်ကြွ လှုပ်ရှားသူတွေနဲ့ CDM တွေ နေလို့မရအောင် ခြမ်းခြောက်တယ် စစ်ကောင်စီကိုခေါ်ပြီး ဖမ်းမယ်လုပ်တယ်၊ ရွာသားတွေကတော့ မနေရဲကြဘူးပေါ့လေ ” လို့ဒေသခံကဆိုပါတယ်။
ခင်ဦး တောကြီးမြွေဟောက်အဖွဲ့ (King Cobra-Khin U) ကတော့ ဒီကိစ္စကို သူတို့အဖွဲ့က လုပ်ဆောင် ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
မလည်ရွာဆိုတာ ပုဂံခေတ်က မလည်မြို့ဖြစ်ခဲ့ပြီး ပျူစောထီးမင်းကို မွေးဖွားခဲ့တဲ့ ဇာတိဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။