ကန့်ဘလူမြို့နယ် ရွာနှစ်ရွာက နေအိမ်ရှစ်ဆယ်ခန့် မီးရှို့ခံရ

ကန့်ဘလူမြို့နယ်က ရေအေးရွာနဲ့ လမ်းဆုံရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက စစ်ကြောင်းထိုးပြီး နေအိမ်ရှစ်ဆယ်ခန့်ကို မီးရှို့ဖျက်ဆီးသွားပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး လမ်းဆုံရွာက မီးရှို့ခံရသောနေအိမ်များကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က တွေ့ရစဥ်။ Facebook/ ကန့်ဘလူခရိုင် -တပ်ရင်း ၄ ဓာတ်ပုံ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ရေအေးရွာနဲ့ လမ်းဆုံရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက စစ်ကြောင်းထိုးပြီး နေအိမ်ရှစ်ဆယ်ခန့်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။

ရွှေဘို-မြစ်ကြီးနား ကားလမ်းမဘေးမှာရှိတဲ့ အဲဒီရွာနှစ်ရွာကို ဒီဇင်ဘာ ၃၀ ရက်နေ့ကစလို့ စစ်ကြောင်းနှစ်ခုက ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့နေတာလို့ ဆိုပါတယ်။

နှစ်ရက်ဆက် မီးရှို့ခံရတာကြောင့် ရေအေးရွာက နေအိမ် သုံးဆယ်ခန့်နဲ့ လမ်းဆုံရွာက နေအိမ် ငါးဆယ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ဒီနေ့အထိ အဲဒီရွာတွေထဲမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ ရှိနေသေးတယ်လို့ ကန့်ဘလူမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“၃၁ ရက်နေ့နဲ့ ၁ ရက်နေ့ နှစ်ရက်ဆက်တိုက်ရှို့တာ။ လမ်းဆုံကို မီးရှို့တာက ယမနေရွာကနေ ထွက်တဲ့ စစ်ကြောင်း။ ပထမရက်ကကို နှစ်ဆယ်လောက် ရှို့ခံရတယ်။ နောက်ရက်ကျတော့ သုံးဆယ်လောက် ရှို့တာ။ ရေအေးရွာကိုတော့ စပါယ်နံ့သာက စစ်ကြောင်းက ပစ်ဝင်တာ။ မနေ့ကတော့ ရွာတောင်ပိုင်း အပြောင်ရှို့တာ။ ဒီနေ့မနက်အထိ စစ်ကြောင်းက ရှိတုန်းပဲ”

စစ်ကောင်စီတပ်ဟာ ရွှေဘို-မြစ်ကြီးနား ကားလမ်းမကို ထိန်းချုပ်နိုင်ဖို့ ရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတာဖြစ်ပြီး အထိုင်ချတပ်စွဲဖို့လည်း ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။

အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ လမ်းဆုံရွာနဲ့ အိမ်ခြေ တစ်ရာခန့်ရှိတဲ့ ရေအေးရွာတို့ဟာ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ ရွာတွေအနီးမှာတည်ရှိပြီး တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကြောင်းထိုးမီးရှို့ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းထိုး မီးရှို့တာအပြင် ရွာတွေကို ဒရုန်းနဲ့ဗုံးသီးချတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်နေတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ကြောင်းကြောင့် ရေအေးရွာနဲ့ လမ်းဆုံရွာအပြင် ကျောက်ပုံ၊ အင်တိုင်းလယ်၊ ရေရှင်ကြီး၊ နတ်တောင်၊ တဲကြီးကုန်း၊ ထနောင်းကိုင်း၊ ဆယ်ရင်းကုန်း စတဲ့ ရွာပေါင်း ဆယ်ရွာခန့်က ဒေသခံ တစ်သောင်းနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုဝင်ဘာ ၉ ရက်နေ့ကလည်း သပြေသာ၊ ကျောင်းကုန်းနဲ့ ဖိုကုန်းရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့သွားတာကြောင့် နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ကန့်ဘလူ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလဆန်းပိုင်းကလည်း ကန့်ဘလူမြို့နယ်တောင်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး လူပေါင်းတစ်ရာကျော်ကို ဖမ်းဆီးခဲ့သလို နေအိမ်ရှစ်ရာခန့်ကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တစ်သိန်းကျော် (၁၀၆,၄၀၉) ရှိပြီး အဲဒီအထဲက စစ်ကိုင်းတိုင်းမှာ နေအိမ် ခုနစ်သောင်းကျော် (၇၃,၉၇၄) မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org