ကလေးမြို့ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဒေသခံကိုးဦး ဒဏ်ရာရ
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကလေးမြို့ဟာ လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့တဲ့မြို့ဖြစ်သလို တာဟန်းသပိတ် ဖြိုခွင်းခံရပြီး အရပ်သားတွေ သေဆုံးခဲ့ရမှုလည်း များခဲ့ပါတယ်။
- 2022-11-27
-
-
-
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ နိုဝင်ဘာလ ၂၆ ရက် မနေ့ညနေနဲ့ ညပိုင်းက လက်နက်ကြီးကျည် နှစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့လို့ အနည်းဆုံး ဒေသခံကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ညနေပိုင်းမှာ လက်နက်ကြီး နှစ်ကြိမ်ကျတယ်။ YCW ကျောင်းနားနဲ့ S သုံးလုံး ဓာတ်ဆီဆိုင်မှာ တစ်ကြိမ် ကျတယ်။ ဈေးဆိုင်မှာ ထိုင်နေတဲ့သူနဲ့ လမ်းပေါ်ကလူတွေ ထိတယ်။ ည ၇ နာရီကျော်တော့ တစ်ကြိမ် ထပ်ကျတယ်။ ကလေးနှစ်ယောက်နဲ့ အသက်ကြီးပိုင်း အမျိုးသမီးတစ်ယောက် ထိတယ်။ ခွေးတစ်ကောင်သေတယ်။ လူတွေကတော့ သိပ်တော့မစိုးရိမ်ရဘူး ပြောတယ်”
မြို့ထဲမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ လည်း ဆိုပါတယ်။
တာဟန်းရပ်ကွက်နဲ့ သုံးမိုင်ခန့်အကွာ ကလေးမြို့အစွန်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမြောက် တပ်ဘက်ကနေ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
မနေ့ကလည်း ကလေးမြို့နဲ့ ၅၆ မိုင်အကွာမှာ အိန္ဒိယနိုင်ငံဘက်ကနေ လက်နက်တွေ သယ်လာတယ်လို့ သတင်းထွက်နေတဲ့ စစ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က မိုင်းခွဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကလေးမြို့ဟာ လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့တဲ့မြို့ဖြစ်သလို တာဟန်းသပိတ် ဖြိုခွင်းခံရပြီး အရပ်သားတွေ သေဆုံးခဲ့ရမှုလည်း များခဲ့ပါတယ်။
RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်ကနေ စက်တင်ဘာလ ၃ဝ ရက်အထိ နှစ်လအတွင်း မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ကရင်၊ ကယား၊ ချင်း၊ ရခိုင် စတဲ့ဒေသတွေမှာ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ၅၁ ဦး သေဆုံးပြီး နောက်ထပ် ၁၂၂ ဦး ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးတဲ့အထိ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။