ကလေးမြို့သင်္ကြန်မှာ ဆန္ဒပြသူလေးဦး ထောင် ၁၀ နှစ်စီ ထပ်တိုးချမှတ်ခံရ

ကလေးမြို့မှာ ယခုနှစ် သင်္ကြန်ကာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ သူလေးဦးကို စစ်ကောင်စီ တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်လိုက်ပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က ထောင်ဒဏ် ထပ်မံချမှတ်ခံလိုက်ရသည့် ကလေးမြို့ တော်လှန်သင်္ကြန် သပိတ်လှုပ်ရှားသူ လေးဦးကို တွေ့ရစဉ်။ Fifty two

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ယခုနှစ် သင်္ကြန်ကာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ သူလေးဦးကို စက်တင်ဘာလ ၂၅ ရက် မနေ့က စစ်ကောင်စီ တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်လိုက်တယ်လို့ ကလေးပင်မသပိတ် အင်အားစုက RFA ကိုပြောပါတယ်။

ကလေးမြို့မှာ တော်လှန်သင်္ကြန် သပိတ်လှုပ်ရှားမှုလုပ်ခဲ့တဲ့ ကိုသန်းစိုးဦး၊ မကျိန်ဒွန့်ကိမ်၊ မနှင်းစံနဲ့ ကိုမျိုးကိုဝင်းတို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ မေလအတွင်းက ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။ အခု အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၀(ဇ) နဲ့ ၅၂ (က) ပုဒ်မတွေနဲ့ နောက်ထပ်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံတာကြောင့်စုစုပေါင်းထောင်ဒဏ် ၁၂ နှစ် စီကျခံရမှာပါ။

ဒါဟာ မတရားတဲ့ တရားစီးရင်မှုဖြစ်တယ်လို့ ကလေးပင်မသပိတ်အဖွဲ့ဝင် ကိုဗိုက်ပူက ပြောပါတယ်။

“ကလေး သပိတ်တွေကို အဖွဲ့ကို အငြိုးထားပြီးတော့ မတရား ထောင်ချတာဖြစ်တယ်။ သူတို့ကို မဆန့်ကျင်ရဲအောင် လုပ်တဲ့သဘောကြောင့် ထောင်ဒဏ်အဲလောက် အများကြီးချတာပေါ့”

စစ်ကောင်စီက သူ့ကိုဆန့်ကျင်တဲ့ သပိတ်အင်အားစုတွေကို ပစ်မှတ်ထား ဖမ်းဆီးနေတဲ့ကြားကပဲ ကလေးပင်မသပိတ်အင်အားစုဟာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နေ့တိုင်းနီးပါးလုပ်နေတယ်လို့ သပိတ်အဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိမှာလည်း သံအမတ်ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိရေး လူထုလှုပ်ရှားမှုတွေကို သပိတ်အဖွဲ့က ဦးဆောင်ပြီး စက်တင်ဘာ ၂၁ ရက်ကနေ စက်တင်ဘာ၂၆ ရက်ဒီကနေ့အထိ ဆက်တိုက်လုပ်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်လို့ ပစ်သတ်ခံရသူ သုံးဆယ်ဦး နဲ့ ဖမ်းဆီးခံရသူ ခြောက်ဆယ်ဦးရှိတယ်လို့ ကလေးပင်မသပိတ်အဖွဲ့က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စက်တင်ဘာလ ၂၅ ရက်ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူ ၁၉၂၆၄ ဦးရှိပြီး အဲဒီထဲက ၇၃၆၈ ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org