စစ်ကောင်စီက ဆက်တိုက်ပစ်ခတ်နေလို့ ကလေးမြို့ခံတွေ တခြားမြို့ကို ရွှေ့ပြောင်းနေကြ

2021.04.06
စစ်ကောင်စီက ဆက်တိုက်ပစ်ခတ်နေလို့ ကလေးမြို့ခံတွေ တခြားမြို့ကို ရွှေ့ပြောင်းနေကြ ကလေးမြို့က ခံတပ်တစ်ခုကို တွေ့ရစဉ်
Photo CJ
စစ်ကိုင်းတိုင်း ကလေးမြို့ကို စစ်ကောင်စီတပ်က နေ့တိုင်းဆက်တိုက်ဖြိုခွင်းနေတာကြောင့် ဒေသခံတချို့ဟာ မြို့မှာ ဆက်မနေရဲဘဲ ဆွေမျိုးမိတ်ဆွေတွေရှိတဲ့ တခြားမြို့တွေကို ပြောင်းရွေ့နေကြပါတယ်။
 
ကလေးမြို့နဲ့ အလှမ်းဝေးတဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်က ချင်းတောင်ပေါ်ကျေးရွာတွေနဲ့ တမူးမြို့နယ် ဘက်တွေကို ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
 
“မလုံခြုံဘူးလို့ ခံစားရလို့ ပြောင်းရွေ့နေကြတာ၊ နေ့လယ်ပိုင်းက အလင်းရောင်ရှိတော့ ဆူဆူပူပူလောက် ရှိပေမယ့် ဘာမှသိပ်မဖြစ်ဘူး၊ ညပိုင်းကြတော့ မှောင်မှောင်မဲမဲမှာ စစ်တပ်နဲ့ ရဲက ဝင်ဆွဲမှာ ကြောက်တာ၊ အခုက ကြုံသလို ဆွဲနေတော့ ပါသွားမှာကြောက်တာနဲ့ ပြောင်းကြတာ၊ များသောအားဖြင့် တောင်ပေါ်ကို ပြန်ပြေးကြတယ်” လို့ ကလေးမြို့ဒေသခံ ချင်းတိုင်းရင်းသားတစ်ဦးက RFA ကိုပြောပါတယ်။
 
ကလေးမြို့ ဒေသခံတချို့ တခြားမြို့တွေကို ထွက်ပြေးတိမ်းရှောင်သွားကြပေမယ့် လူငယ်တွေကတော့ ဒီမြို့မှာပဲ ခိုင်ခိုင်မာမာ ခံတပ်တွေဆောက်လုပ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို ပြန်ခုခံနေတာလည်းဖြစ်ပါတယ်။
 
ကလေးမြို့၊ တာဟန်းရပ်ကွက်ထဲမှာ ဆန္ဒပြပြည်သူတွေပေါင်းပြီးပင်မ တပ်စခန်းတစ်ခုကို မတ်လ ၂၇ ရက် နေ့ကတည်းက အခိုင်အမာ တည်ဆောက်ထားပါတယ်။
 
“အရင်ကတည်းက စစ်ကောင်စီတပ်တွေက မြို့တွင်းမှာ ရပ်ကွက်အတွင်းတွေ၊ ရွာပိုင်းတွေရော မည်းမည်း မြင်ရာပစ်တယ်။သူတို့ဘက်က အကြမ်းဖက်တာ ဆိုးဆိုးလာတော့ ကျွန်တော်တို့လည်း ခံတပ်တစ်ခု ဆောက်လိုက်တာ၊ ဒီခံတပ်ထဲမှာပဲ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒဆက်ပြမယ်၊ သူတို့ ကျနော်တို့ ခံတပ်ကို ဖြိုခွင်းလာမယ်၊ အကြမ်းဖက်လာမယ်ဆိုရင်တော့ ကျနော်တို့ရှိတဲ့ လက်နက်နဲ့ ခုခံကာကွယ်ဖို့ အတွက် ဒီခံတပ်ဆောက်ထားတာ" လို့ ခံတပ်မှာ ပါဝင်သူတစ်ဦးက RFA ကိုပြောပါတယ်။
 
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြရင်း စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးရတဲ့သူ ၁၇ ဦးရှိသွားပါပြီ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။