ကလေးမြို့နယ်အတွင်း သေဆုံးတဲ့ပြည်သူ ၁၀၇ ဦးရှိလာ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ အာဏာသိမ်းပြီးနောက် ဒီနေ့အထိ အချိန် ၁၁ လ အတွင်း သတ်ဖြတ်ခံရတဲ့ ပြည်သူ ၁၀၇ ဦးအထိ ရှိလာနေတယ်လို့ ကလေးမြို့ ပင်မသပိတ် ကော်မတီက ပြောပါတယ်။

ကလေးမြို့နယ်က ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ ဒီဇင်ဘာလက တောထဲမှာ တွေ့ရစဉ် Photo: CJ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ အာဏာသိမ်းပြီးနောက် ဒီနေ့အထိ အချိန် ၁၁ လအတွင်း သတ်ဖြတ်ခံရတဲ့ ပြည်သူ ၁၀၇ ဦးအထိ ရှိလာနေတယ်လို့ ကလေးမြို့ ပင်မသပိတ် ကော်မတီက ပြောပါတယ်။

သေဆုံးသူတွေကတော့ ပြီးခဲ့တဲ့နှစ် မတ်လက ၁၀ ဦး၊ ဧပြီလက ၂၁ ဦး၊ မေလမှာ တစ်ဦး၊ ဇွန်လမှာ ရှစ်ဦး၊ ဇူလိုင်လ မှာ ရှစ်ဦး၊ သြဂုတ်လမှာ တစ်ဦး၊ စက်တင်ဘာလမှာ ၁၂ ဦး၊ နိုဝင်ဘာလမှာ ၁၀ ဦး၊ ဒီဇင်ဘာလမှာ ၂၆ ဦး နဲ့ အခုနှစ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့အထိ သေဆုံးသူ ၁၀ ဦးဖြစ်တယ်လို့ဆိုတယ်။

သေဆုံးသူတွေထဲမှာ အသက်မပြည့်တဲ့ လူငယ် သုံးဦး၊ မီးရှို့သတ်ဖြတ်ခံရသူ ခုနစ်ဦး၊ စစ်ကြောရေးမှာ သေဆုံး သူ ခြောက်ဦးအပါအဝင် အမျိုးသား ၁၀၀ ဦးနဲ့ အမျိုးသမီးခုနစ်ဦး ဖြစ်တယ်လို့ပြောပါတယ်။

သေဆုံးသူတွေဟာ ဆန္ဒပြသပိတ်မှာ ပါဝင်သူတွေ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ အများစု ဖြစ်တယ်လို့လည်း ကလေးမြို့ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီ တပ်တွေ အကြမ်းဖက်ပစ်ခတ်လို့ သေဆုံးသူ ၁,၄၄၇ ဦး၊ ဖမ်းဆီးခံရသူ ၁၁၄၂၁ ဦး၊ ဝရမ်းထုတ်ခံရသူ ၁,၉၆၆ ဦးရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org