ချီဖွေနဲ့ ပန်ဝါက သတ္တုလုပ်ကွက်တွေ ရပ်ဆိုင်းပေးဖို့ တောင်းဆို
2018.12.28

ကချင်ပြည်နယ် ချီဖွေမြို့နယ်နဲ့ ပန်ဝါမြို့နယ်ခွဲအတွင်းမှာရှိတဲ့ သတ္တုတူးဖော်တဲ့လုပ်ငန်းတွေကို အမြန်ဆုံးရပ် ဆိုင်းပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
ချီဖွေနဲ့ ပန်ဝါဒေသ သတ္တုတူးဖော်မှုကြောင့် လူမှု၊ စီးပွားနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု စစ်တမ်းတွေ့ရှိချက်တွေကို မြစ်ကြီးနားမြို့မှာ ဒေသခံတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုလိုက်တာဖြစ်ပါတယ်။
သတ္တုတူးဖော်သူတွေဟာ တောင်တွေကို ၄ ပေအကွာ အပေါက်ဖောက်၊ ကျင်းအနက်ပေ ၃၀ ကျော်တူးပြီး ဓာတုရေတွေကို ပိုက်နဲ့သွယ်တန်း လောင်းထည့်ပြီး တောင်အောက်က စီးဆင်းလာတဲ့ရေတွေကို စုပ်ယူပြီး သတ္တုတူးဖော်နေတာကို တွေ့ရတယ်လို့ စစ်တမ်းကောက်ရာမှာ ပါဝင်ခဲ့သူ ဦးဘရန်ကြွယ်က ပြောပါတယ်။
သတ္တုတူးဖော်တဲ့ ကုမ္ပဏီတွေအနေနဲ့ ဓာတုစွန့်ပစ်ရေတွေကို စနစ်တကျစွန့်ပစ်မှုမရှိတာကြောင့် သတ္တုတွင်း အနီးအနားရှိ ချောင်းတွေနဲ့ ချီဖွေချောင်းရေတစ်ခုလုံး အဆိပ်သင့်ပြီး ဒေသခံတွေ အသုံးမပြုရဲဘဲ ဖြစ်နေခဲ့တာဟာ ၄ နှစ်ခန့်ရှိပြီဖြစ်တယ်လို့လည်း စစ်တမ်းမှာဖော်ပြထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာက ပေးပို့တာပါ။