ကချင်မှာ တစ်နှစ်အတွင်း အရပ်သား ၁၄၀ ကျော် သေဆုံး
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း အရပ်သား ၁၄၂ ဦး သေဆုံးတယ်လို့ ကချင်လူ့အခွင့်အရေးအဖွဲ့နဲ့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
-
RFA Burmese
2025-01-07 -
-
-
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း အရပ်သား ၁၄၂ ဦး သေဆုံးတယ်လို့ ကချင်လူ့အခွင့်အရေးအဖွဲ့နဲ့ ဒေသခံတွေက RFA ကို ဇန်နဝါရီ ၇ ရက် ဒီနေ့ပြောပါတယ်။
ကချင်လူ့ခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) အဖွဲ့ရဲ့ ဇန်နဝါရီ ၂ ရက်နေ့ ထုတ်ပြန်ချက်မှာလည်း အရပ်သား ၁၄၂ ဦး သေဆုံးပြီး နောက်ထပ် ၁၆၇ ဦး ဒဏ်ရာရခဲ့သလို ၂၁၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကချင်ပြည်နယ် မိုးမောက်ဒေသခံ တစ်ဦးကတော့ ပြီးခဲ့တဲ့နှစ်အတွင်း ကချင်ပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးတာတွေရှိပြီး သေဆုံးမှု အများဆုံးမြို့နယ်က ဗန်းမော်ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။
“နိုဝင်ဘာလကပဲ မိုးမောက်ကုန်းလောဘက်က ကိုးယောက် သေဆုံးတာရှိတယ်။ ဖားကန့်ဘက်မှာလည်း ဆိုင်းတောင် တိုက်ပွဲတွေတုန်းက သေဆုံးတာ များတယ်။ အခုက ဗန်းမော်မှာလည်း သေဆုံးတာများတယ်။ ဗန်းမော်က သေဆုံးတာ အများဆုံးဖြစ်မယ်”
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောရွာ ခရစ်ယာန် ဘုရားကျောင်းဝင်းထဲက စစ်ဘေးဒုက္ခသည်စခန်းကို နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးတွေ အပါအဝင် ကိုးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာမှာဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား သုံးဆယ်ကျော် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလော တိုက်ပွဲအတွင်းမှာလည်း အရပ်သား သေဆုံးမှုများနေပြီး စာရင်းအတိအကျရရှိဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
ကချင်ပြည်နယ်က အရပ်သား သေဆုံးမှုနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
RFA ကပြုစုထားတဲ့ စာရင်းအရ စစ်ကောင်စီတပ်ဟာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုလုပ်ခဲ့ပြီး အရပ်သား သေဆုံးသူ ၁၇၆၉ ဦးရှိပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိပါတယ်။