မသင်္ကာလို့ ဖမ်းထားသူတချို့ အစိုးရတပ်က ပြန်မလွှတ်သေး

နမ့်ခမ်းမြို့က ကချင်အမျိုးသမီးတွေကို အစိုးရတပ်က မသင်္ကာလို့ ဆိုပြီး မနေ့က ဖမ်းဆီး ခေါ်ဆောင်သွားပြီး အခုချိန်အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။

အဖမ်းခံရသူ အမျိုးသမီးတွေနဲ့အတူ နို့စို့အရွယ် ကလေးတွေလည်း ပါသွားတယ်လို့ အဖမ်းခံရပြီးနောက် ပြန်လွတ်လာသူ ပလောင် သင်းအုပ်ဆရာတဦးက ပြောပြပါတယ်။

အဖမ်းခံရသူ အမျိုးသမီး စုစုပေါင်း ၄ ဦး ဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီးရှိ နတ်စဉ်ကုန်းမှာ စခန်းချထားတဲ့ အစိုးရတပ်က နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးသွားတာပါ။ အဲဒီအထဲမှာ နမ့်ခမ်းမြို့ နောင်စန်ကုန်းရပ်ကွက်က သင်းအုပ်ဆရာ တဦး ပါဝင်ပြီး သူ့ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

“မနေ့က နေ့ခင်း အိမ်လည်း ဝင် မွှေသေးတယ်။ သူတို့သေတ္တာတွေ အကုန်ဖောက်၊ အိမ်ထဲက ပစ္စည်းတွေ ဘာလိုက်ရှာမှန်းတော့ မသိဘူး။ သူတို့ မသင်္ကာစရာ အကြောင်းရှိတယ်လို့ ပြောတယ်။ အမျိုးသမီး ၃ ယောက်၊ ကလေး ၃ ယောက်။ တယောက်က မာဒင်၊ နောက်တယောက်က မဘောက် လို့ခေါ်တယ်။ လေးယောက် ခေါ်ပြီးတော့ တယောက်ကိုတော့ ချန်ထားတယ်။ နို့စို့ကလေး ၃ ယောက် ပါတယ်။ နောင့်စန်းကုန်း ဆိုတာ နမ့်ခမ်းဆေးရုံ နားမှာပဲ။ စစ်တပ်ရှိတဲ့နေရာက နာဗက်ကုန်းလို့ ခေါ်တယ်။ နတ်စင်ကုန်းလို့လည်း ခေါ်တယ်။ ဒီကုန်းက နမ့်ခမ်းမြို့ အရှေ့ဘက်မှာ”

ပလောင် သင်းအုပ်ဆရာနဲ့ အဖွဲ့ကိုတော့ နိုဝင်ဘာလ ၁၇ ရက်နေ့ ညက လာဖမ်းတာဖြစ်ပြီး စစ်ဆေး မေးမြန်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။

“လာဖမ်းသွားတာ စစ်တပ် သပ်သပ်မဟုတ်ပဲ နမ့်ခမ်း မြို့မပြည်သူ့စစ်တွေ ပါတယ်။ ကျနော် ပလောင် သာသနာပြုဆရာ တယောက်အနေနဲ့ အသင်းတော် အသီးသီးမှာ ဝင်ထွက်ပြီးတော့ တရားဟောတာတို့ ရှိတဲ့အခါမှာ သူတို့ ဘယ်လိုမြင်လဲတော့ မသိဘူးပေါ့လေ။ ကျနော့်ကို အရင်ဦးဆုံး လာခေါ်တယ်။ ဟိုမှာ ရောက်တော့လည်းပဲ ကျနော့် မိသားစုတွေအကြောင်း၊ ကျနော့်ရဲ့ လုပ်ငန်းတွေ၊ အဲဒါတွေပဲ မေးပြီးတော့ တခြားဟာတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုနားလည်သလဲ ပေါ့။ ကျနော်ကလည်း ဓမ္မဆရာဆိုတော့ ဓမ္မလမ်းကြောင်းပဲ နားလည်ပါတယ်၊ နိုင်ငံရေးတို့ စစ်ရေးတို့ ဘာမှ နားမလည်ဘူး- အဲလို ပြောလိုက်တယ်”

သူ့ကို စစ်ဆေးပြီး မနေ့က ညနေပိုင်းက ပြန်လွှတ်ပေးလိုက်ပေမယ့် အမျိုးသမီးနဲ့ ကလေးတွေကိုတော့ အခုအချိန်အထိ ပြန်မလွှတ်သေးတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနတွေကို အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

အခုလ စောစောပိုင်းကလည်း မိုးမောက်မြို့နယ် ခိုင်ဘန်ကျေးရွာက ကချင် အမျိုးသမီးတယောက်ကို မုဘွန် အခြေစိုက် ခလရ (၃၂၁) က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ခုချိန်အထိ အဲ့ဒီအမျိုးသမီးကို ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org