လက်နက်ကိုင်ပဋိပက္ခ ပြည်ပ စွက်ဖက်မှုတွေကြောင့်လို့ စစ်ခေါင်းဆောင် စွပ်စွဲ
ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်နေပေမဲ့ ပြည်ပက စွက်ဖက်မှုတွေကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ပြီးရှိနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။
-
RFA Burmese
2025-03-22 -
-
-
ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်နေပေမဲ့ ပြည်ပက စွက်ဖက်မှုတွေကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ပြီးရှိနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၂၁ ရက်မှာ ပြောဆိုပါတယ်။
နေပြည်တော်မှာပြုလုပ်တဲ့ ၂၀၂၅ အလွန် မြန်မာနိုင်ငံ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေအကြောင်း ဆွေးနွေးပွဲမှာ စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။
ဒီပဋိပက္ခတွေကြောင့် နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသလို စည်းလုံးမှုမရှိရင် ဘယ်နိုင်ငံရေးစနစ်ကမှ စိတ်ချမ်းသာမှု ပေးနိုင်မှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကြောင့် ပဋိပက္ခတွေ ပိုများလာတာလို့ ဝေဖန်ပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ကို အခုလို ဝေဖန်ပါတယ်။
“သူက သူလုပ်တာကို သူများလုပ်သလိုဖြစ်အောင် ပြောတာပါ။ ဒီတစ်ခုတည်း မဟုတ်ဘူး။ ဒီလိုပြောတာ သူ့အကျင့်ပါပဲ။ အမှန်တရားက ဘာလဲ ပြည်သူတွေ သိကြပါတယ်”
စစ်တပ်အာဏာမသိမ်းခင်က ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နေရာတချို့မှာသာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်အဖွဲ့သစ်တွေ အများအပြား ပေါ်ပေါက်လာပြီး နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေ တစ်စတစ်စ ကျယ်ပြန့်လာခဲ့ပါတယ်။