ပဋိပက္ခနဲ့ အကျပ်အတည်းတွေ ပိုများခဲ့တဲ့ ၂၀၂၄

RFA Burmese
2024.12.25
ပဋိပက္ခနဲ့ အကျပ်အတည်းတွေ ပိုများခဲ့တဲ့ ၂၀၂၄ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် TNLA က ထုတ်ပြန်ထားစဉ်။
PSLF/TNLA News

၂၀၂၁ ခုနှစ် စစ်တပ်အာဏာပြီး နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ပြည်တွင်းပဋိပက္ခတွေဟာ လေးနှစ်နီးပါး ကာလကို ရောက်ရှိလာပါပြီ။ အခု ၂၀၂၄ ခုနှစ်ကတော့ နိုင်ငံရဲ့ စစ်ရေး၊ စီးပွားရေးနဲ့ ပြည်သူတွေရဲ့ လူမှုဘ၀အခြေအနေတွေဟာ အရင်ကထက် ပိုမိုဆိုးရွားခဲ့တယ်လို့ လေ့လာသူတွေက ပြောဆိုကြပါတယ်။

◼ အပြင်းထန်ဆုံး တိုက်ပွဲတွေနဲ့ ၂၀၂၄

၂၀၂၄ ခုနှစ်ဟာ နိုင်ငံတစ်ဝန်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးပဋိပက္ခ အပြင်းထန်ဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

စစ်ရေးကဏ္ဍမှာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့အများအပြားကို သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးအပါအဝင် ဘက်ပေါင်းစုံက အင်အားတွေနဲ့ စစ်မျက်နှာစုံကို ခုခံခဲ့တာပါ။

"မြန်မာနိုင်ငံစီးပွားရေးကတော့ နာလန်ထူစရာလမ်းတော့ သိပ်မရှိဘူး”

နိုင်ငံတကာမြန်မာ့သတင်းဌာန BNI ရဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ချက်အရ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ PDF တွေ သိမ်းယူထားတဲ့ မြို့ပေါင်း ၈၆ မြို့ထဲက မြို့ပေါင်း ခြောက်ဆယ်လောက်ဟာ အခုနှစ် အတွင်းမှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ဟာ စစ်ရေးပဋိပက္ခများတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်ဦးက RFA ကို ပြောပါတယ်။

“နှစ်ဖက်ရဲ့ ရွေးချယ်မှုလမ်းကြောင်းတူညီမှုမရှိတဲ့အတွက်ကြောင့် ပဋိပက္ခဖြစ်တာတွေပိုများနေတယ်။ အဲလို ပုံစံမျိုးက ၂၀၂၄ ခုနှစ် နှစ်ကုန်ခါနီးမှာ ပိုပြီးတော့ များများစားစားတွေ့ခဲ့ရတယ်ပေါ့နော်။ ဒါပေမဲ့ ဒီပုံစံကိုဆက် ပြီးတော့ ညှိနှိုင်းမှုမရှိနိုင်ဘူး။ ဒီစစ်ရေးကိုပဲ တစ်ဖက်က ရွေးနေမယ်။ တစ်ဖက် (စစ်ကောင်စီ) ကလည်း ဒီနိုင်ငံရေးဘက်နဲ့ပဲသွားဖို့ကို စဉ်းစားနေဦးမယ်ဆိုရင်တော့ လမ်းကြောင်းမတူတဲ့အတွက်ကြောင့် ဆုံမှတ်တစ်ခု ရမှာ မဟုတ်ဘူး။ အဲလိုမရဘူးဆိုရင် ၂၀၂၅ မှာလည်း ကျွန်တော်တို့က ဒီတိုက်ပွဲတွေကတော့ မကြာမကြာ ကြားနေ၊ မြင်နေရဦးမှာပဲ”

တောင်ငူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
တောင်ငူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

လက်ရှိစစ်ရေးအခြေအနေမှာ တော်လှန်ရေးအင်အားစုတွေကဘက်က အသာနေရတယ်လို့ထင်ရပေမဲ့ ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားကို မဖော်ဆောင်နိုင်တာကြောင့် နိုင်ငံအတွက်တော့ ကောင်းတဲ့အလားအလာမဟုတ်ဘူးလို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ အခုနှစ်မှာ တစ်သန်းနီးပါးတိုးလာပြီး စုစုပေါင်း သုံးသန်းခွဲနီးပါးအထိရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာလ ဒုတိယပတ်ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ တိုင်းနဲ့ ပြည်နယ် ၁၅ ခုအနက် ၁၂ ခုမှာ တိုက်ပွဲဒဏ်ကို ခံစားနေရတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA အပြီးသတ် သိမ်းပိုက်

ရှမ်းမြောက်နယ်စပ်ကုန်သွယ်ရေးရပ်ပြီး ကုန်သွယ်မှုတန်ဖိုး ဒေါ်လာသန်းငါးရာကျော်နစ်နာ

ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် ထမင်းနပ်မှန်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရ


◼ စီးပွားရေးကျဆင်းမှုတွေနဲ့ ၂၀၂၄

ကာလရှည် ပြည်တွင်းပဋိပက္ခဖြစ်ပွားမှု အကျိုးဆက်တွေကြောင့် တဖြည်းဖြည်းဆုတ်ယုတ်လာတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာလည်း ၂၀၂၄ ခုနှစ်မှာ ဆက်လက်ကျဆင်းခဲ့ပါတယ်။

မြန်မာနိုင်ငံ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် မတ်လအထိ လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေးဟာ အနုတ် တစ် ရာခိုင်နှုန်းအထိရှိမယ်လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဘဏ္ဍာရေးနှစ် ၂ဝ၂၄ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကိုတော့ တစ် ရာခိုင်နှုန်းလောက်ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့တာကြောင့် ဒီနှစ်မှာ စီးပွားရေးတိုးတက်မှု နှစ် ရာခိုင်နှုန်းခန့် ကျဆင်းဖို့ရှိနေပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၂၂) ရပ်ကွက်စျေးတွင် စျေးဝယ်နေကြသူများအား ၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၂၂) ရပ်ကွက်စျေးတွင် စျေးဝယ်နေကြသူများအား ၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကုန်ကြမ်းပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ပြည်တွင်းဝယ်လိုအားနည်းမှုတွေကြောင့် စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍအသီးသီးမှာလည်း တိုးတက်မှုမရှိဘဲ ၂၀၂၅ ခုနှစ် မြန်မာ့စီးပွားရေး မျှော်မှန်းချက်ဟာလည်း အားရစရာမရှိဘူးလို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း အခုနှစ် နိုင်ငံရေး၊ စီးပွားရေး ဆက်လက်ကျဆင်းခဲ့သလို လာမဲ့နှစ်မှာလည်း နာလန်ပြန်ထူနိုင်မဲ့ အလားအလာ မတွေ့ရဘူးလို့ ခန့်မှန်း ပါတယ်။

“ငွေကြေးဖောင်းပွမှုကတော့ ပြီးခဲ့တဲ့နှစ်က ၁၈ လောက်ရှိတယ်။ အခု ၂၃ ဒသမ ၅၇ ဆိုတော့ ငွေကြေးဖောင်းပွမှုက တက်လာတာပေါ့နော်။ တက်လာတော့ ငွေကြေးဖောင်းပွမှုတွေက ဖြစ်လာတယ်။ ကုန်ဈေးနှုန်းတွေက ပြီးခဲ့တဲ့နှစ်နဲ့စာရင် အရမ်းကွာခြားသွားတယ်။ တစ်ရာ ရာခိုင်နှုန်းလောက်တက်လာတဲ့ ကုန်စည်တွေရှိတယ်နော်။ နယ်စပ် ကုန်သွယ်ရေးကလည်း နောက်ပိုင်းက လုံး၀ပိတ်သွားပြီပေါ့နော်။ ဆိုတော့ အဲဒီအခြေအနေတွေတော့ရှိနေတယ်။ မြန်မာနိုင်ငံ စီးပွားရေးကတော့ နာလန်ထူစရာလမ်းတော့ သိပ်မရှိဘူး”

ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသတွင် စပါးခင်းများ ရေနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ (Photo: Pu Loi)
ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသတွင် စပါးခင်းများ ရေနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ (Photo: Pu Loi)

ပြီးခဲ့တဲ့ စက်တင်ဘာလက တိုက်ခတ်ခဲ့တဲ့ ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီး မြေပြိုမှုတွေအတွင်း မြို့နယ်ပေါင်း ခုနစ်ဆယ်က လူဦးရေတစ်သန်းကျော် ထိခိုက်ခဲ့တဲ့အပြင် လယ်ယာစိုက်ခင်းတွေ ပျက်စီးခဲ့တာကလည်း စီးပွားရေးကဏ္ဍအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

နယူးယောက်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကူညီကယ်ဆယ်ရေးကော်မတီ - International Rescue Committee (IRC) က ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ရာမှာတော့ ၂ဝ၂၅ ခုနှစ်အတွင်း လူသားချင်းစာနာမှု အကျပ်အတည်း အဆိုးဝါးဆုံးကြုံရမဲ့ နိုင်ငံ နှစ်ဆယ် စာရင်းထဲ မြန်မာက တတိယနေရာမှာ ရှိနေပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးမူဝါဒစာတမ်းကို အောက်တိုဘာ ၂၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားရာမှာတော့ ၂၀၂၃- ၂၀၂၄ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၃.၅ ရာခိုင်နှုန်း ဖော်ပြထားပါတယ်။

◼ ၂၀၂၄ နဲ့ ပညာရေးကဏ္ဍ

ပြည်တွင်းပဋိပက္ခတွေဟာ ၂၀၂၄ ခုနှစ်အတွင်း ကလေးငယ်တွေနဲ့ လူငယ်တွေရဲ့ ပညာရေး ကဏ္ဍအပေါ်မှာလည်း ဆက်လက်ပြီး ထိခိုက်စေခဲ့တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် (Myanmar Witness) အဖွဲ့ရဲ့ အခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ဖော်ပြချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက စာသင်ကျောင်းတွေကို တိုက်ခိုက်ခံရမှု ၁၇၄ ကြိမ်အထိ ရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး ကလေးငယ်တွေရဲ့ ပညာသင်ကြားမှုတွေကိုပါ ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပျက်စီးနေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပျက်စီးနေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်(MTF) ရဲ့ တာဝန်ရှိသူ ဦးကျော်ဝေဖြိုးကတော့ နိုင်ငံတစ်ဝန်း ကာလရှည် ပဋိပက္ခဖြစ်ပွားနေချိန်မှာ သင့်တော်မဲ့ပညာရေးစနစ်သစ်ပေါ်ပေါက်လာဖို့ အရေးကြီးတယ်လို့ RFA ကို ပြောပါတယ်။

“စစ်ပွဲတွေရှိလာရင်တော့ ဒီစာသင်ကြားမှုမှာ ထိခိုက်တာကတော့ ဒါသဘာ၀ပဲပေါ့နော်။ အခုဆိုလို့ရှိရင်တော့ ဒါတချို့ဒေသတွေမှာ တိုင်းရင်းသားဒေသတွေမှာရော၊ အညာဒေသတွေမှာရောပေါ့နော် နေရာတိုင်းဟာ စာသင် ကျောင်းပဲဆိုတဲ့ ပုံစံမျိုးနဲ့ ဒါသမားရိုးကျမဟုတ်တဲ့ ပညာရေးစနစ်တွေ ဒါလုပ်လာကြတာရှိပြီပေါ့နော်။ အဲဒါတော့ ကြိုဆိုရမှာပေါ့။ အဲဒီအနေအထားကနေ ဘယ်လိုပညာရေးစနစ်တစ်ခု ပေါ်ထွန်းမလဲဆိုတာက ပိုအရေးကြီးတယ် ပေါ့နော်။ တကယ်တမ်းက ပညာရေးစနစ်က ဘယ်လိုစနစ်သစ်နဲ့ သွားရမလဲဆိုတာပဲ ကျွန်တော်တို့ စဉ်းစားရမယ်”

စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနစာရင်းအရ နိုင်ငံတစ်ဝန်းမှာ စာသင်ကျောင်း ငါးသောင်းခန့် (၄၈၇၅၃ ကျောင်း) ရှိပြီး အခုနှစ်အတွင်း တိုက်ပွဲတွေကြောင့် အဲဒီထဲက ကျောင်းပေါင်း ၁၃,၇ဝဝ ပိတ်ထားရပါတယ်။

ဒ့ါအပြင် အာဏာမသိမ်းခင်က အခြေခံပညာကျောင်းတွေမှာ နှစ်စဉ် ကျောင်းအပ်နှံသူ ဆယ်သန်းနီးပါးရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ ခုနစ်သန်းနီးပါးသာ ရှိခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ဇွန်လ ၁၁ ရက်ထုတ် အစီရင်ခံစာအရ နိုင်ငံတစ်ဝန်း လူပေါင်း ၄ ဒသမ ၅ သန်းကျော်ဟာ ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လိုအပ်နေပါတယ်။

◼ လူမှုဘ၀တွေ ဆိုးရွားစွာကြုံခဲ့ရတဲ့ နှစ်

ကာလရှည် ပြည်တွင်းစစ်နဲ့ နောက်ဆက်တွဲ စီးပွားရေးချွတ်ခြုံကျမှုဟာ ၂၀၂၄ ခုနှစ်မှာ ပြည်သူတွေရဲ့ လူမှုဘ၀အခြေအနေကို ဆက်လက်ရိုက်ခတ်ခဲ့ပါတယ်။

အခြေခံစားသောက်ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှု၊ နေထိုင်ရေးအတွက် နေအိမ်ငှားရမ်းခတွေ မြင့်တက်လာမှုနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုဒဏ်တွေကို အခုနှစ်မှာ ပြည်သူလူထုက ဆက်လက်ပြီး ခါးစည်းခံနေရပါတယ်။

ဒါ့အပြင် နယ်စပ်ဂိတ်တွေပိတ်ထားတာကြောင့် အိမ်သုံးဆေးဝါးတွေ ပြတ်လပ်မှု၊ အဆမတန် ဈေးမြင့်တက်မှုကြောင့် ပြည်သူလူထုရဲ ကျန်းမာရေးကဏ္ဍအပေါ် ထိခိုက်မှု ရှိနေပါတယ်။

ရန်ကုန်မြို့ရှိ ဆေးဆိုင်တစ်ဆိုင်တွင် ဆေးဝယ်ယူရန် တန်းစီနေသူများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့တွင် တွေ့ရစဥ်။ (Photo: RFA)
ရန်ကုန်မြို့ရှိ ဆေးဆိုင်တစ်ဆိုင်တွင် ဆေးဝယ်ယူရန် တန်းစီနေသူများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့တွင် တွေ့ရစဥ်။ (Photo: RFA)

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းကတော့ အခုနှစ် ပြည်သူတွေရဲ့ လူမှုဘ၀အခြေအနေဟာ ပိုကျပ်တည်းလာတယ်လို့ သုံးသပ်ပါတယ်။

“ပြောမယ်ဆိုရင် အာဏာစသိမ်းတဲ့ ၂၀၂၁ နဲ့ပဲတိုင်းရမလို ဖြစ်တာပေါ့ဗျာ။ အဲတော့ အခုကျွန်တော်တို့ရတဲ့ အချက်အလက်တွေအရဆိုရင် လူတွေက ပိုခက်ခဲကျပ်တည်းလာတယ်ပေါ့ဗျာ။ ဆိုတော့ ဒီလိုပုံစံမျိုးပြောလို့ ရတယ်။ နောက်တစ်ခုက အဖွဲ့အစည်းလို့ ခေါ်တဲ့ ပိုပြီးဆင်းရဲလာတယ်၊ ပြသာနာတွေရှိတယ် ဒါကိုဘယ်သူတွေ ကနေပြီးတော့ ထောက်ခံပေးမလဲ၊ ပံ့ပိုးပေးမလဲဆိုတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ကျန်တဲ့ဟာတွေကလည်း တဖြည်းဖြည်း အားလျော့လာတယ်ဆိုတဲ့အနေအထား တွေ့ရပါတယ်။ ဆိုတော့ ဒါက ကျွန်တော်တို့ရဲ့ တွေ့ရှိချက်ပါ။ နောက်တစ်ခုကျတော့ ကျွန်တော်တို့ပြောမယ်ဆိုရင် လာမဲ့ ၂၀၂၅ မှာ ဒီအခြေအနေတွေက ပိုသက်သာသွားမလားဆိုရင်လည်း မဖြစ်နိုင်သေးဘူးဗျ။ တော်တော်ပြောရခက်ပါတယ်”

ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) ကတော့ မြန်မာနိုင်ငံမှာ စုစုပေါင်း လူဦးရေ ၅၅.၈ သန်းထဲက ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ ၄၂ သန်းဟာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရတယ်လို့ ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံ စာမှာ ဖော်ပြခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီလိုအပ်သူ သန်းနှစ်ဆယ်နီးပါး ရှိလာနိုင်တယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ မြန်မာပြည်ရဲ့ ပြည်တွင်းပဋိပက္ခ၊ စီးပွားရေးအကျပ်အတည်းနဲ့ လူမှုဘ၀ အခြေအနေတွေဟာ လာမဲ့ ၂၀၂၅ ခုနှစ်မှာလည်း ပိုဆိုးလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။