ရေစကြိုမြို့နယ်က မြေတော်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

RFA Burmese
2025.03.16
ရေစကြိုမြို့နယ်က မြေတော်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး မကွေးတိုင်း၊ ရေစကြိုမြို့နယ်က မြေတော်ရွာ မီးရှို့ဖျက်ဆီးခံရအပြီး နေအိမ်များကို ၂ဝ၂၅ ခုနှစ် မတ်လ ၁၆ ရက်နေ့က တွေ့မြင်ရစဉ်။
Yesagyo Township Info Committee

မကွေးတိုင်း ရေစကြိုမြို့နယ် မြေတော်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသခံတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ်တွေကိုလည်း မီးရှို့သွားကြောင်း Yesagyo Township Info Committee က မတ်လ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ်လ ၁၅ ရက်နေ့ညမှာ ‌မြေတော်ရွာကနေ ပြန်ထွက်သွားတာကြောင့် ဒေသခံတွေက ရွာထဲကို ပြန်လည်ဝင်ရောက်ချိန်မှာ အသတ်ခံထားရတဲ့ ရုပ်အ‌လောင်းကိုတွေ့ရတာလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စစ်ကောင်စီတပ်က မြေတော်ရွာကို မတ်လ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး နှစ်ရက်ဆက်တိုက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ပြောထားပါတယ်။ မီးလောင်ပျက်စီးသွားတဲ့ အိမ်အရေအတွက်ကိုတော့ ပြောဆိုတာမရှိပါဘူး။


ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကိုလည်း မတ်လဆန်းကစပြီး စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲပြီးနောက် မီးရှို့သတ်ဖြတ်ခဲ့တာကြောင့် အရပ်သား ၁၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ Yesagyo Township Info Committee အဖွဲ့တာဝန်ရှိသူက RFA ကို မတ်လ ၁၄ ရက်နေ့မှာ ပြောထားပါတယ်။

ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဆည်သစ်မြင်၊ မြေစွန်း၊ ညောင်မွှေးပင်၊ ဘိစပ်ကုန်း၊ နေရင်း၊ ပေါက်တော၊ ပေါက်အူရွာနဲ့ အနီးဝန်းကျင်ရွာတွေက ဒေသခံပြည်သူ ထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ် ၁၄ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား အယောက် ခြောက်ထောင်ကျော် (၆၄၀၁ ဦး) သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

 

 

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။