စစ်ကောင်စီရဲ့ အပစ်ရပ်ကာလတိုးမြှင့်မှုအပေါ် မယုံကြည်ကြောင်း KNU ပြော

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေကို ၂ဝ၂၂ ခုနှစ် မတ်လ ၁ ရက်ကစပြီး ဒီဇင်ဘာလကုန်အထိ တိုးမြှင့်ရပ်ဆိုင်းထားမယ်လို့ စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အပေါ် KNU က အယုံအကြည်မရှိကြောင်း ပြောပါတယ်။
စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်တွေဟာ လက်တွေ့မကျတဲ့ ထုတ်ပြန်ချက်တစ်ခုသာ ဖြစ်တာကြောင့် ယုံနိုင်စရာ မရှိဘူးလို့ KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒို စောတောနီး က ပြောပါတယ်။
"မရိုးနိုင်တဲ့ မုသားတွေပဲ တောက်လျှောက်ပြောနေတယ်လို့ သဘောပေါက်ပါတယ်။ သူတို့ အပစ်အခတ်ရပ်စဲရေး ပြောပြီးတိုင်း ကျွန်တော်တို့ဆီ ထိုးစစ်ဆင်တာက ဒါက လုပ်နေကျ အလုပ်တစ်ခုပဲဆိုတော့ ဘာမှ တုံ့ပြန်စရာအကြောင်းမရှိဘူး။ တကယ်တမ်း လိုချင်တယ်ဆိုရင် လက်တွေ့ပြရမယ့် အပိုင်း ရှိတယ်လေ၊ ပါးစပ်နဲ့ပြောလို့မရဘူး။ အမြီးအမှောက်မတည့်တဲ့ ဟာတွေ လုပ်နေကျပဲ။ ပုံမှန်အနေအထားမရှိတဲ့လူတွေ တွေးခေါ်မျှော်မြင်မှုနဲ့ ဒါတွေက ထပ်ခါထပ်ခါပြောနေတာ။ ဘာလို့လဲဆို သာမန်လူတစ်ယောက်ဆို ဒီလိုအမြီးအမှောက် မတည့်တာကို တစ်ခါ နှစ်ခါ ပြောရင် ရပြီ အခုက ဒါကို တောက်လျှောက်ပြောနေတာဆိုတော့ ရူးသွပ်နေတဲ့လူတွေပဲ ပြောတယ်ဆိုတာ ကျွန်တော်တို့ အဲဒီလိုပဲ နားလည်ရမယ်။ တကယ်တမ်းလုပ်ချင်တယ်ဆိုရင် လက်တွေ့ကျတဲ့အလုပ်ကို ပြဖို့တော့ လိုတယ်။ အနည်းဆုံးအားဖြင့်တော့ တပ်တွေ ရုပ်သိမ်းဖို့ဆိုတာ လုပ်သင့်တဲ့ ပထမဆုံးခြေလှမ်းပေါ့။ နောက်ပြီးတော့ ပြေးလွှားနေရတဲ့လူထုတွေ ဒုက္ခရောက်နေတဲ့လူထုတွေ အခုထိ အိမ်ပြန်လို့မရသေးဘူး။ အဲဒါတွေက ဆက်လုပ်ရမှာ။ အဲဒါတွေကို လမ်းစအနေနဲ့ တချက်မှ မတွေ့ရသေးဘူးဆိုတော့ ဘယ်လိုမှ ယုံနိုင်စရာမရှိဘူးလေ"
KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်နဲ့ လူသောမြို့နယ်တွေမှာ စစ်ကောင်စီ တပ်က လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂ဝ ရက်နေ့အထိ အရပ်သား လေးဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာထားပါတယ်။
လတ်တလော ရက်ပိုင်းတွေအတွင်းမှာလည်း ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ " မြန်မာနိုင်ငံတစ်ဝန်း နိုင်ငံတော်ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင်၊ အစိုးရရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ" စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ထားမယ်လို့ ပါရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇန်နဝါရီလဆန်းပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံစဉ်မှာလည်း ၂ဝ၂၂ နှစ်ကုန်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲသွားမယ်လို့ ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်မှာ စစ်ကောင်စီက ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခြောက်ဖွဲ့နဲ့ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ တက်ရောက်ခဲ့ကြပေမယ့် ရလဒ်တစ်စုံတရာမထွက်ခဲ့ဘူးလို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတွေက သုံးသပ်ကြပါတယ်။