ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ ပါဝင်ဖို့ တပ်နဲ့ USDP တို့ စာရင်း မပို့သေး
2019.02.20
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို ဒီကနေ့ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ မနေ့က မဲခွဲဆုံးဖြတ်ပြီး အတည်ပြုထားတဲ့ အဖွဲ့ဝင် ၄၅ ဦးပါ အစည်းအဝေးကို ဒီကနေ့ စတင်ကျင်းပခဲ့ပေမယ့် တပ်မတော်သား ကိုယ်စားလှယ် ၈ ဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၂ ဦး မတက်ရောက်ခဲ့သလို အခြားကိုယ်စားလှယ် ၆ ဦးလည်း ခွင့်ယူထားတယ်လို့ သိရပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ကော်မတီက ဖိတ်ကြားတဲ့အတွက် တက်ရောက်ဖို့သွားခဲ့ပေမယ့် နာမည် စာရင်းပေးမထားဘူးဆိုပြီး တက်ရောက်ခွင့်မပြုခဲ့ဘူးလို့ USDP ပါတီ ကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောပါတယ်။
ဒီလိုတက်ရောက်ခွင့် ငြင်းဆိုခဲ့တဲ့အတွက် ကြံ့ခိုင်ရေးပါတီ အနေနဲ့ မကျေမနပ်ဖြစ်ခဲ့ပြီး နောင် ပါဝင်ဖို့အတွက်ပါ စဉ်းစားရမယ်လို့ ပြောကြားခဲ့ပါတယ်။
မနေ့က မဲခွဲဆုံးဖြတ်ခဲ့တဲ့ ကော်မတီ ၄၅ ဦးပါ အစည်းအဝေးကို ဒီနေ့ ပထမအကြိမ် ကျင်းပခဲ့ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီ က ကိုယ်စားတွေ တက်ရောက်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၂ ဦးကတော့ အစည်းအဝေးကို တက်ရောက်ဖို့သွားခဲ့ပေမယ့် နာမည်စာရင်း ပေးမထားဘူးဆိုပြီး တက်ရောက်ခွင့်မပြုခဲ့ဘူးလို့ USDP ပါတီကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောပါတယ်။
"နာမည်စာရင်းပေးပါဆိုလို့ ပေးလိုက်တယ်။ ဒီနေ့ ပေးပါဆိုတော့ ပေးလိုက်တယ်။ ဒါပေမဲ့ စာကတော့ နောက်ကမှ လိုက်လာမယ်။ နောက်ဆုံးလည်းကျရော ဒီနေ့ကတော့ intro ပဲ ရှိသေးလို့ ဆရာတို့ မတက်ပါနဲ့ဦး။ တရားဝင်ဖွဲ့စည်းမှု မရှိသေးဘူးတဲ့။ တော်ပြီ ကျွန်တော်တို့ကတော့ မတက်တော့ဘူး"
ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စာရင်းပေးမှု နောက်ကျသွားတဲ့အတွက်သာ ဖြစ်ကြောင်း၊ လွှတ်တော်နာယက အမိန့်စာထွက်ပြီးရင် လာမယ့် ၂၅ ရက်မှာ ကျင်းပမယ့် အစည်းအဝေးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ တက်ရောက်နိုင်မှာဖြစ်ကြောင်း ပြောပါတယ်။
"နာမည်စာရင်းကတော့ အတိအကျ ရရမယ်။ အတိအကျလေး ပေးပို့လာတဲ့အခါကျရင် နောက်ဆက်တွဲ အမိန့်ကြေညာစာတွေ ထပ်ထုတ်ပြန်ပြီးတော့ ထည့်သွင်းဖွဲ့စည်းပေးသွားမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် အစည်းအဝေးကို ၂၅ ရက်နေ့ မွန်းလွဲ တစ်နာရီမှာ ကျင်းပပါလိမ့်မယ်။ အဲဒီအစည်းအဝေးကျရင် ခုနကိုယ်စားလှယ်တော်ကြီး နှစ်ယောက် တက်ခွင့်ရပြီ။ ပြည်ထောင်စုလွှတ်တော် နာယကကနေ အမိန့်ကြော်ငြာစာ ထုတ်ပေးပြီဆိုရင်။ ဒါလေးတစ်ချက်ပါ"
ဒီကနေ့ အစည်းအဝေးဟာ မိတ်ဆက်တဲ့ အစည်းအဝေးသာ ဖြစ်တယ်လို့လည်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။
တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင် အဲဒီကော်မတီမှာ ပါဝင်ဖို့ ရှိ မရှိဆိုတာ ဆွေးနွေးလို့ မပြီးသေးတဲ့အတွက် မတက်ရောက်နိုင်တာဖြစ်တယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့က ဆွေးနွေးလို့မပြီးသေးလို့ပေါ့ဗျာ။ ဆွေးနွေးပြီးရင် ပြောပါမယ်"
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသိန်းထွန်းကတော့ ဒီကနေ့ ဖြစ်ရပ်အတွက် ကော်မတီမှာ ပါဝင်ဖို့အရေးကို စဉ်းစားသွားရပြီလို့လည်း ပြောပါတယ်။
အဲဒီ ကော်မတီမှာ အင်န်အယ်လ်ဒီပါတီက ၁၈ ဦး၊ တပ်မတော်သားအစုအဖွဲ့က ၈ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနဲ့ SNLD ပါတီက ၂ ဦးစီ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦး၊ လူနည်းစု တိုင်းရင်းသား(၁၀)ပါတီက တစ်ဦးစီပါဝင်ပြီး စုစုပေါင်း ၄၅ ဦး နဲ့ ဖွဲ့စည်းထားပေမယ့် တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စာရင်းမပေးရသေးပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။