ဆန်ထုတ်လုပ်ရေးအတွက် ဂျပန်က သန်း ၁၀၀ မြှုပ်နှံမည်


2013.09.30

ဂျပန်နိုင်ငံက  Mitsui ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဆန်နဲ့ဆန်အချောထည် ပစ္စည်းစက်ရုံတွေ တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေက ဒီနေ့ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ဂျပန်ကုမ္ပဏီအနေနဲ့ အခုလို ရင်းနှီးမြှပ်နှံမှုပြုလုပ်ဖို့အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့  အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ကုမ္ပဏီကို ဒီကနေ့မှာ စတင်တည်ထောင်လိုက်ပြီး  ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFFCI ရုံးမှာ ဒီကနေ့ နေ့လည်ပိုင်းက သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သက်လို့  မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဒေါက်တာစိုးထွန်းက အခုလို ပြောပါတယ်။

"ဆန်စက်ပါမယ်၊ အုန်းဆံစက်ပါမယ်၊ ဆန်ခေါက်ဆွဲစက်တို့၊ ဆန်မှုန့်၊ ဆန်ကြာဇံ၊ ဖွဲနုဆီစက် အဲဒါတွေလုပ်ဖို့အတွက်ကို လျှပ်စစ်ဓာတ်အားစက်တွေပါဝင်မယ်၊ ၂ဝ၁၅ မှာ ပြီးအောင်ဆောက်ဖို့ရှိပါတယ်၊ ရန်ကုန်တိုင်းဒေသကြီး တွံတေးမှာ တန်ချိန် ၁ သိန်းလောက်အထိကို အထွက်နှုန်းရှိပါမယ် "

ဒီသဘောတူညီချက်အရ မြန်မာနိုင်ငံအတွင်းက ရန်ကုန်တိုင်းဒေသကြီး  တွံတေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ နယ် ၊ ပဲခူးတိုင်းဒေသကြီးနဲ့ နေပြည်တော်တို့မှာ ဆန်နဲ့ဆန်အချောထည် ပစ္စည်းစက်ရုံတွေ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း ဒီနှစ်ကစပြီး ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကနေ တန်းမြင့်ဆန် ( ၁၀၀ ရာခိုင်နှှုန်းသန့်စင်ပြီး ) တွေကို တန်ချိန် ၅၀၀၀ ဝယ်ယူခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။