တိုင်းနဲ့ပြည်နယ်ငါးခုမှာ မြို့နယ် ၂၂ မြို့နယ် အင်တာနက် ဖြတ်တောက်ခံရ
ချင်းပြည်နယ်က ပလက်ဝ၊ မင်းတပ်၊ မတူပီ၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ ကန်ပက်လက်၊ ဖလမ်း စတဲ့မြို့နယ် ရှစ်ခုနဲ့ မကွေးတိုင်းက မြိုင်၊ ဂန့်ဂေါ၊ ထီးလင်း စတဲ့မြို့နယ် သုံးခု၊ စုစုပေါင်း မြို့နယ် ၁၁ ခုကို စစ်တပ်က စက်တင်ဘာ ၂၃ ရက် မနေ့ညနေ ၆ နာရီဝန်းကျင်ကစလို့ အင်တာနက် ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-09-24
-
-
-
ချင်းပြည်နယ်က ပလက်ဝ၊ မင်းတပ်၊ မတူပီ၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ ကန်ပက်လက်၊ ဖလမ်း စတဲ့မြို့ နယ် ရှစ်ခုနဲ့ မကွေးတိုင်းက မြိုင်၊ ဂန့်ဂေါ၊ ထီးလင်း စတဲ့မြို့နယ် သုံးခု၊ စုစုပေါင်း မြို့နယ် ၁၁ ခုကို စစ်တပ်က စက်တင်ဘာ ၂၃ ရက် မနေ့ညနေ ၆ နာရီဝန်းကျင်ကစလို့ အင်တာနက် ဖြတ်တောက်လိုက်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကို တူမီးသေနတ်နဲ့ ဧပြီ ၂၄ ရက်ကစပြီး ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့ မှာ မနေ့ညနေ ၆ နာရီကစလို့ အင်တာနက်လိုင်းအားလုံး ဖြတ်တောက်ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"အင်တာနက်က မနေ့က ညနေ ၆ နာရီလောက်ကနေ ဖြတ်တယ်။ ရှိသမျှ တယ်လီဖုန်းလိုင်းတွေပေါ့နော်၊ တယ်လီနော၊ MPT၊ အော်ရီဒူး၊ မိုင်တဲလ် အားလုံး ဘယ်လိုင်းမှ အင်တာနက်သုံးလို့ မရတော့ဘူး။ တိုက်ပွဲ တွေလည်းဖြစ်နေတော့ သူတို့ သတင်းအမှောင်ချချင်လို့ပဲ ယူဆတယ်"
အာဏာသိမ်းမှုနောက်ပိုင်း တိုက်ပွဲလုံးဝမဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာတောင် စက်တင်ဘာ ၂၃ ရက်၊ မနေ့ညပိုင်းကစလို့ အင်တာနက်ဖြတ်တောက်ခံလိုက်ရတဲ့အတွက် နားမလည်နိုင်ဖြစ်ရတယ်လို့ ပလက်ဝမြို့ခံ ဦးထွန်းဝေက RFA ကို ပြောပါတယ်။
"အလုံးစုံဖြတ်တာ။ ဘာကြောင့် ဖြတ်တယ်ဆိုတာကတော့ မသိဘူး။ ဖြတ်တဲ့အချိန်ကတော့ မနေ့က ညနေ ၇ နာရီလောက်ကဖြစ်မယ်။ ကျွန်တော်တို့ သိပ်တော့ မပြောတက်ဘူး။ ဒါပေမဲ့ ချင်းမှာ ပြဿနာဖြစ်နေ တယ်ဆိုတော့ ချင်းပြည်နယ်မို့ ဖြတ်တာလို့ ထင်တာပဲ"
ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ NLD အစိုးရတာဝန်ယူခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်း ကနေ ကူးစက်လာတဲ့ ပြဿနာတွေကြောင့် ရက္ခိုင့်တပ်တော် AA နဲ့ စစ်တပ်အကြား အပြင်းထန်ဆုံး တိုက်ပွဲတွေဖြစ်ခဲ့ပြီး ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုကို ခံခဲ့ရပါတယ်။
"ပြည်သူတွေက စစ်ရှောင်နေရတယ်၊ အင်တာနက်က သူတို့အသက်ရှင်သန် ရပ်တည်နိုင်ဖို့ အထောက်အကူပေးတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်"
ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းကစလို့ တိုက်ပွဲတွေ ငြိမ်သက်သွားတာကြောင့် ၂၀၂၁ ဖေဖော်ဝါရီလ ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်းတွေပြန်ရချိန် ပလက်ဝဒေသခံတွေလည်း အင်တာနက်လိုင်းတွေကို ပြန်အသုံးပြု နိုင်ပြီး အချင်းချင်းဆက်သွယ်ဆောင်ရွက်နိုင်ခဲ့သလို တစ်နိုင်ငံလုံးမှာ ဖြစ်ပျက်နေတဲ့ သတင်း အချက်အလက်တွေကို အလွယ်တကူသိရှိနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်း ရှစ်လနီးပါးအကြာမှာတော့ ပလက်ဝနဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ချင်းပြည်နယ် တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ထန်တလန်မြို့ တိုက်ပွဲတွေကြောင့် အခုလို ရုတ်တရက် အင်တာနက် ပြန်လည်ဖြတ်တောက်ခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
ချင်းပြည်နယ်နဲ့ ဒေသချင်းဆက်စပ်နေတဲ့ မကွေးတိုင်း မြို့နယ်အချို့လည်း အခုနောက်ပိုင်းမှာ PDF တပ် တွေက အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်မှုတွေ များလာတာကြောင့် အင်တာနက်ဖြတ်တောက်တဲ့ဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်မှာ လတ်တလော တိုက်ပွဲတွေမရှိပေမယ့် မနေ့ညနေ ၆ နာရီနောက်ပိုင်းကစလို့ အင်တာနက်ဖြတ်တောက်ခံလိုက်ရလို့ သတင်းအချက်အလက်တွေ မရတော့သလို အင်တာနက်ကို မှီခိုနေရတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း လုပ်မရတော့ဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
"အင်တာနက်ပြတ်တာ မနေ့က ၆ နာရီ ဝန်းကျင်လောက်က ပြတ်တာပေါ့။ အော်ရီဒူးနဲ့ MPT က အရင်ပြတ်သွားတာ၊ တယ်လီနောနဲ့ မိုင်တဲလ်နဲ့က နောက်ဆုံး ပြတ်သွားတာပေါ့။ အင်တာနက်နဲ့ လုပ်လို့ရတဲ့ဟာတွေ ဘာမှလုပ်မရတော့ဘူး။ ဥပမာ E Banking တွေ ကျွန်တော်တို့ဆို Wave money လွှဲတာတွေ ဘာမှလုပ်မရတော့ဘူးပေါ့ဗျာ"
အခု အင်တာနက်အဖြတ်ခံရတဲ့ မကွေးတိုင်း ထီးလင်း၊ ဂန့်ဂေါနဲ့ မြိင်မြို့နယ်တွေအတွင်း လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာတာကြောင့် ဒါကို ဖြတ်တောက်ဖို့ ရည်ရွယ်ပုံရတယ်လို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။
သြဂုတ်လ ၂၀ ရက်ကစပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်း အတွင်းမှာ အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့နယ်စုစုပေါင်း ၂၂ ခုအထိ ရှိလာနေပါပြီ။
အခုလို အင်တာနက်ဖြတ်တောက်လိုက်တာဟာ အရပ်သားတွေရဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်ရာ ရောက်သလို လူသားတွေရဲ့ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း က ထောက်ပြဝေဖန်ပါတယ်။
"ပြည်သူတွေက စစ်ရှောင်နေရတယ်၊ ထွက်ပြေးနေရတယ်ဆိုတော့ အင်တာနက်က သူတို့အသက်ရှင်သန် ရပ်တည်နိုင်ဖို့ အထောက်အကူပေးတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။ အဲဒါကို ဖြတ်လိုက်ခြင်းအားဖြင့် သူတို့ရဲ့ အသက်ရှင်သန်မှုကို ခြိမ်းခြောက်စေတယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်၊ ပြီးတော့ ဒီဟာက အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ"
ခုလို အင်တာနက်ဖြတ်တောက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရပါဘူး။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်သူလူထုက နိုင်ငံတဝှမ်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့လုပ်ဆောင်ရာမှာ အခု အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်အများစုဟာ စစ်အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်မှု အားအကောင်းဆုံး ဒေသတွေဖြစ်တာမို့ စစ်တပ်က အထူးစစ် ဆင်ရေး လုပ်ဆောင်ဖို့ အင်တာနက်လိုင်းတွေကို ကြိုတင်ဖြတ်တောက်လိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုမှုတွေ ရှိနေပါတယ်။
NLD အစိုးရ လက်ထက်တုန်းကလည်း စစ်တပ်က ၂၀၁၉ ဇွန်လ ၂၁ ရက်ကစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေမှာ အင်တာနက် ဖြတ်တောက်ခဲ့ပြီးတဲ့နောက် ရက္ခိုင့်တပ်တော် (AA) ကို အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။
ဒီ့အတွက် ကမ္ဘာ့အရှည်ကြာဆုံး မှတ်တမ်းဝင်ခဲ့တဲ့ ရခိုင်ပြည်နယ် အင်တာနက်ဖြတ်တောက်မှုဟာ စစ်တပ် အာဏာသိမ်းပြီး သုံးရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ကျမှ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။