ဒီမိုကရေစီလှုပ်ရှားသူတွေ ကွပ်မျက်ခံရမှု နိုင်ငံတကာက ရှုတ်ချ

2022.07.26
ဒီမိုကရေစီလှုပ်ရှားသူတွေ ကွပ်မျက်ခံရမှု နိုင်ငံတကာက ရှုတ်ချ စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်လိုက်သည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် (ဝဲမှယာ) တို့ကို တွေ့ရစဉ်
.

မြန်မာနိုင်ငံက ရှည်လျားခက်ခဲတဲ့ ဒီမိုကရေစီရေးတိုက်ပွဲဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း မှာ အမှောင်ဘက် နောက်တချီပြန်လှည့်သွားတယ်လို့ အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလင် ခေါင်းဆောင် Mitch McConnell က မနေ့က ပြောကြားလိုက်ပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားသူ ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦးကို ကွပ်မျက်တာဟာ စစ်ကောင်စီက သူတို့လုပ်ရပ်အတွက် ဘယ်လိုအကျိုးဆက်ကိုမှ မစိုးရိမ်ဘူးဆိုတာ ထပ်မံ သက်သေ ထူတယ်လို့ ပြောပါတယ်။ စစ်ကောင်စီဟာ ပြည်တွင်းရေး ကမောက်ကမဖြစ်နေတာတွေ၊ ပြည်တွင်းစစ်၊ အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာဆိုတဲ့ အသိုင်းအဝိုင်းက အကျိုးဆက်တွေကို ဘာမှ စိုးရိမ်မနေဘူးလို့ ပြောပါတယ်။

အလားတူ ကိုယ့်လူမျိုးကို ကိုယ်တိုင်အကြမ်းဖက်နေတဲ့ စစ်အစိုးရလုပ်ရပ် အဆုံးသတ်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းက ရှိသမျှဖိအားပေးရမယ်လို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီအဖွဲ့ဝင် Jeff Merkley ကလည်း မနေ့က တိုက်တွန်း လိုက်ပါတယ်။ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားသူ လေး ဦးကို အရေခြုံစစ်ဆေးပြီး ကွပ်မျက်လိုက်ဟာ တုန်လှုပ် ခြောက်ချားစရာကောင်းပြီး စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အတည်ပြုလိုက်တာပဲလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ မိမိနိုင်ငံက အရပ်သား ၂၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့လည်း ပါရှိပါတယ်။

ဒီလို ဒီမိုကရေစီရေးလှုပ်ရှားသူ လေးယောက်ကို စစ်ကောင်စီက ကွပ်မျက်တာကို အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေက ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြီး ပြင်ပြင်း ထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒါဟာ မြန်မာ့ပြဿနာ လျှော့ချဖို့ ဒေသတွင်း ကြိုးပမ်းချက်တွေကို ဖျက်လိုဖျက်ဆီးလုပ်တယ်လို့ ဝေဖန်ပါတယ်။ လာမယ့် သီတင်းပတ် မှာ ကျင်းပမယ့် အာဆီယံ ဝန်ကြီးတွေရဲ့ ၅၅ ကြိမ်မြောက် ဆွေးနွေးပွဲနဲ့ အချိန်ကိုက် ဆောင်ရွက်တဲ့အကြောင်းနဲ့ ကုလသမဂ္ဂကျောထောက်နောက်ခံပြုထားတဲ့ အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပံ့ပိုးကူညီဖို့ ဆန္ဒလုံးဝမရှိတာကို ပြသတဲ့အကြောင်း အာဆီယံ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုသေဒဏ်ပေးကွပ်မျက်တာကို ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ဒီလုပ်ရပ်ဟာ အကြမ်းဖက် လုပ်ရပ် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) နဲ့ နိုင်ငံပေါင်း ရှစ်နိုင်ငံက ဒီနေ့ ကြေညာချက် တစ်စောင် ပူးတွဲထုတ်ပြန်လိုက်ပါတယ်။ EU ကိုယ်စား အထူးကိုယ်စားလှယ်နဲ့ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန် နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲထုတ်ပြန်တာပါ။

ဒီလုပ်ရပ်ဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဥပေက္ခာပြု လျစ်လျူရှုထားတယ် ဆိုတာ ပိုထင်ရှားစေတယ်လို့ ဆိုပါတယ်။ မတရားအဖမ်းခံရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ မိသားစုဝင်တွေနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့်ပေးဖို့၊ အကြမ်းဖက်မှု တွေကို ထပ်မံ မကျူးလွန်ဘဲ တွေ့ဆုံညှိနှိုင်းရေးကတစ်ဆင့် ငြိမ်းချမ်းရေး ရှာဖွေဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။