ရှမ်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၄၀၀၀ ကျော်အထိ တိုးလာ
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသမှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် ဒေသခံ ၃၀၀ ကျော် ထပ်မံထွက်ပြေးနေရပြီး ရှမ်းပြည်နယ်တစ်ခုလုံးမှာဆိုရင် တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်ဟာ အခုဆိုရင် ၄၀၀၀ ကျော်အထိ တိုးလာနေ ပါတယ်။
-
အေးအေးမွန် (အော်စလို)
2021-07-09 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်မှာရှိတဲ့ မန်းယန့်ရွာနဲ့ ဖောင်းဆိုင်ရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းက ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အနီးအနားမှာနေထိုင်တဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာ ဒီနေ့အထိဆိုရင် လူပေါင်း ၃၀၀ ကျော်လောက်ရှိတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
အဲဒီကျေးရွာသား ၃၀၀ ကျော်ဟာ မန်းယန့်နဲ့ ဘန့်မွေးရွာတွေဖြစ်ပြီး တိုက်ပွဲနဲ့ဝေးတဲ့ ဖောင်းဆိုင်နဲ့ အခြား နီးစပ်တဲ့ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။
အဲဒီနေရာတွေဟာ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသလို ကိုဗစ်ကပ်ရောဂါကြောင့် ထိရောက်တဲ့ အကူအညီတွေ မရသေးဘူးလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
အခုလတ်တလောမှာတော့ အမိုးအကာနဲ့ စားစရာတွေကိုတော့ မုံးကိုးမြို့ ခရစ်ယာန်အသင်း အဖွဲ့တွေက ကူညီပေးနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ မူဆယ် KBC ဇုံနယ်အတွင်းရေးမှူး ဆရာ ဇော်ရာ ကပြောပါတယ်။
"စစ်ရှောင်တွေကျတော့ သူတို့နဂိုနေရာနဲ့ နီးနီးနားနားမှာပဲ ဖောင်းဆိုင်ရွာမှာ နဲနဲပါးပါးပေါ့။ သူတို့ အဲဒီလိုမျိုး ရှောင်နေတာတော့ ရှိတယ်၊ တိုက်ပွဲဖြစ်မှာစိုးလို့ပေါ့။ လောလောဆယ် ကျွန်တော်တို့ မုံးကိုးက အသင်းတော်ကရော၊ ရပ်မိရပ်ဖရော၊ နိုင်သလောက်တော့ အကူအညီတောင်းပြီးတော့ အစားအသောက် တွေ နဲနဲပါးပါး သွားပေးတာတော့ ရှိတယ်။ အဆင်တော့မပြေဘူး။ အခုလောလောဆယ်က ကျွန်တော်တို့ လည်း သွားလို့မရဘူးဆိုတော့ နဲနဲတော့ ဒုက္ခရောက်တာပေါ့။ ကျွန်တော်တို့လည်း ဒီတစ်ရက်၊ နှစ်ရက် စောင့်ကြည့်နေတယ်"
မုံးကိုးမြို့နယ်ဟာ ကိုးကန့်တပ်တွေ အဓိက လှုပ်ရှားတဲ့နေရာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ မကြာခဏ တိုက်ပွဲ ဖြစ်လေ့ရှိတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ကလည်း မုံးကိုးမြို့နယ် လုဟာန်ထန်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။
အခု ဇူလိုင်လ ၇ ရက်နေ့က မန်းယန့်ရွာနဲ့ ဖောင်းဆိုင်ရွာအနီးမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် အခုအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ အတွင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရသူ ၇၀၀ နီးပါး ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က တော့ဆန်ရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်းတပ်တွေ တိုက်ပွဲကြောင့် ထပ်မံထွက်ပြေးလာကြတာ ဖြစ်ပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ကျေးရွာတွေအနီးမှာ တိုက်ပွဲဖြစ်လို့ တော့ဆန်ကျေးရွာ ကို တိမ်းရှောင်နေကြရာကနေ တော့ဆန်မှာလည်း တိုက်ပွဲထပ်ဖြစ်လို့ မိုင်းငေါ့မြို့ကို ထပ်မံ ထွက်ပြေး လာကြတာလို့ ကူညီပေးနေသူတွေက ပြောပါတယ်။
"ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေအတွက် ဆေးတွေတော့ လိုတာပေါ့"
သူတို့ကို မိုင်းငေါ့မြို့ ရှမ်းစာပေကျောင်းအပါအဝင် နေရာ ခြောက်ခုမှာ နေရာချထားပေးပြီး လတ်တလောမှာ စားစရာ၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ ကျောက်မဲမြို့ နမ့်ခုံးပရဟိတအသင်းက နန်းမွေရှန်က ပြောပါတယ်။
"အဓိက လိုအပ်ချက်ကတော့ စားနပ်ရိက္ခာပဲရှင့်။ လူဦးရေအနေနဲ့ဆိုရင် ခုနှစ်ရာကျော်ရှိမယ်။ ထပ်ရောက်တဲ့ဟာနဲ့ဆို ရှစ်ရာလောက်ရှိသွားပြီ။ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေအတွက် ဆေးတွေတော့ လိုတာပေါ့။ ပြီးရင် လူကြီး အားဆေးတွေပေါ့။ အဲဒီစစ်ရှောင်တွေက ဟိုးအရင် တော့ဆန်ဘက်က ကလောဝိုင်းတို့၊ ဘာတို့ ဖြစ်ကတည်းက တော့ဆန်မှာ လာနေနေတာ လေးလလောက် ရှိပြီပေါ့နော်။ အခု တော့ဆန်မှာ ထပ်ဖြစ်တဲ့အခါကျတော့ ဒီမိုင်းငေါ့ဘက်ကို ပြေးလာတာပေါ့"
ကျောက်မဲမြို့နယ်အတွင်းက RCSS တပ်စွဲထားတဲ့ တော့ဆန်နဲ့ ညောင်မောင်းကျေးရွာတွေအနီးမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ရှိနေပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က တိုက်ပွဲမှာ တော့ဆန်ကျေးရွာအုပ်စု ကုန်းသာ ကျေးရွာက နေအိမ် သုံးလုံး မီးရှို့ခံရတာ၊ လက်နက်ကြီး ထိမှန်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ကုန်းသာကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက RFA ကို ပြောပါတယ်။
"အိမ်ကမီးလောင်တာ သုံးအိမ်၊ တချို့အိမ်တွေက ဗုံးလည်း မှန်တော့မှန်တယ်။ တချို့အိမ်တွေက ကျည်ဆံတွေကလည်း မှန်တယ်၊ ပျက်စီးသွားပါတယ်။ အိမ်ပစ္စည်းတွေလည်း အကုန်လုံး မွှေပစ်လိုက်တာ ပဲ။ သေတ္တာတွေ၊ ဘာတွေလည်း ဖျက်ပစ်တာပဲ။ အိမ်တိုင်းအိမ်တိုင်း အဲဒီလိုဖြစ်နေတယ်"
အိမ်ခြေ ၃၀ ကျော်ရှိတဲ့ ကုန်းသာကျေးရွာမှာ နေအိမ်တွေ ပျက်စီးလို့ ရွာသားတွေအနေနဲ့ နေရပ်ပြန်ရင်တောင် အိုးအိမ် ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲတွေ ရှိနိုင်တယ်လို့လည်း ကျေးရွာ ရပ်မိရပ်ဖတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကစပြီး မိုင်းနောင်-ကျေးသီးကြားက လွယ်ဟုန်းတောင်မှာ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး ရက်ခြားဆိုသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေကြတာကြောင့် ဒုက္ခသည်တွေလည်း နေ့စဉ်လိုလို တိုးနေတယ်လို့ ကျေးသီးမြို့ခံတစ်ဦးက ပြောပါတယ်။
ထွက်ပြေးလာသူတွေဟာ ကျေးသီး-မိုင်းနောင်ကြား လွယ်ဟုန်းတောင် အနီးတစ်ဝိုက် ကျေးရွာတွေကဖြစ်ပြီး လက်ရှိ ကျေးသီးမြို့ပေါ် ဘုန်းတော်ကြီးကျောင်း သုံးခု အပါအဝင် နေရာ ခြောက်ခုမှာ ထွက်ပြေးလာသူ ၃၀၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။
"တစ်နေရာတည်းကို ခုနှစ်ရာကျော် အထိရှိတယ်၊ စစ်ဖြစ်တဲ့ဘက်က လာတဲ့သူတွေ"
ကျေးသီးမြို့ပေါ်မှာ မနေ့ကစလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရှိနေလို့ ရေရှည်မှာ စစ်ရှောင်တွေအတွက် ကျန်းမာရေးနဲ့ စားသောက်ရေးတွေမှာ ခက်ခဲလာနိုင်တယ်လို့ ကူညီပေးနေတဲ့ ကျေးသီးမြို့ခံ စိုင်းနောင်က ပြောပါတယ်။
"တစ်နေရာ နှစ်ရာကျော်၊ လေးရာကျော် နောင်ဆွမ်းကတော့ ပိုများတယ်ဗျ။ တစ်နေရာတည်းကို ခုနှစ်ရာကျော် အထိရှိတယ်၊ စစ်ဖြစ်တဲ့ဘက်က လာတဲ့သူတွေ။ အခုဆိုရင် ကိုဗစ်တွေ့သွားပြီဆိုတော့ ကျန်းမာရေးပိုင်းဆိုင်ရာတွေ ပိုလိုမယ် ထင်တယ်။ ပိုးက မနေ့က စတွေ့တယ်ဗျ။ ကျွန်တော်တို့က တစ်ခုတော့ ကြောက်တယ်ဗျ။ ပိုးက မြို့ထဲ ပြန့်သွားရင် ဒုက္ခသည်တွေအတွက် အကူအညီပေးဖို့ ခက်မှာစိုးလို့လေ"
နယ်မြေစိုးမိုးလှုပ်ရှားမှုအပေါ် အခြေခံပြီး ကျေးသီးအပါအဝင် ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ နမ္မတူမြို့နယ်တွေ အတွင်းမှာ RCSS နဲ့ SSPP/TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
SSPP နဲ့ TNLAက သူတို့ မူလနေရာတွေကို RCSS တပ်က သိမ်းပိုက်ထားလို့ ပြန်လည်တိုက်ခိုက် သိမ်းယူတာ လို့ ပြောဆိုထားပြီး RCSS ကတော့ သူတို့ တပ်စခန်းနေရာတွေကို SSPP/TNLA မဟာမိတ်တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ အပြန်အလှန် ပြောဆိုထားပါတယ်။
အခုတစ်နိုင်ငံလုံး ကိုဗစ်ကပ်ရောဂါ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ တိုင်းရင်းသားအချင်းချင်း တိုက်ပွဲတွေကြောင့် ပြည်သူတွေပိုပြီး ဒုက္ခရောက်နိုင်တဲ့အတွက် ငြိမ်းချမ်းစွာ အဖြေကြဖို့ဆိုပြီး RCSS က ဇူလိုင် ၈ ရက်နေ့ မနေ့က ထုတ်ပြန်ချက်ထုတ် တောင်းဆိုထားပါတယ်။
SSPP ဘက်ကတော့ ရှမ်းမြောက်ဒေသအတွင်း RCSS နဲ့ ပဋိပက္ခတွေ လျှော့ချဖို့ ဆယ်စုနှစ် တစ်ခုလောက် အထိ ညှိနှိုင်း အဖြေရှာခဲ့ပေမယ့် RCSS က လက်မခံလို့ အဆင်မပြေခဲ့ဘူးလို့ ပြောဆိုထားပါတယ်။
ဒေသအတွင်း နေထိုင်သူတွေကတော့ တိုက်ပွဲတွေ လျှော့ချရေးအတွက် အချိန်မီ ထပ်မံမဆွေးနွေးကြရင် ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးနဲ့ မြောက်ပိုင်း ကျောက်မဲ၊ သီပေါမြို့တွေမှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ပြီး ဒုက္ခသည်တွေလည်း ထပ်တိုးလာနိုင်တယ်လို့ ဒေသခံ လူကြီးတွေက သုံးသပ်နေကြပါတယ်။