စစ်ကိုင်းမြို့က ပစ်ခတ်မှုမှာ PDF နှစ်ဦးနဲ့ အခွန်ရုံးဝန်ထမ်း မိသားစုဝင်သုံးဦး သေဆုံး
2024.05.23

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပါရမီရပ်ကွက်က စစ်ကောင်စီရဲ့ မြို့နယ်အခွန်ရုံးနဲ့ လူဝင်မှုကြီးကြပ်ရေးရုံးက ဝန်ထမ်းတွေကို မေလ ၂၁ ရက်နေ့မှာ PDF တပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးရာမှာ စစ်ကောင်စီတပ်နဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားတာကြောင့် PDF နှစ်ဦးနဲ့ အခွန်ရုံးဝန်ထမ်း မိသားစုဝင်သုံးဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကိုင်းမြို့နယ်အခြေစိုက် ဒေသကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ တောတွင်းတွတ်ပီအဖွဲ့က အဲဒီရုံးနှစ်ခုက ဝန်ထမ်းကိုးဦးကို ဖမ်းဆီးပြီး မြို့ထဲကပြန်အထွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်တာကြောင့် သေဆုံးထိခိုက်မှုတွေဖြစ်ခဲ့တာလို့ တောတွင်းတွတ်ပီအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ရုံးဆင်းခါနီးမှာ သူတို့ကို ဝင်ဖမ်းတာ။ အဲဒါ ပြန်ထွက်ခါနီးမှ ထိတွေ့မှုကဖြစ်တာ။ ထိတွေ့မှုမှာ ကျွန်တော်တို့အဖွဲ့က နှစ်ယောက်ကျသွားတယ်။ သူတို့ပစ်လို့ ဖမ်းခေါ်လာတဲ့ အခွန်ရုံးကသူတွေရောမှန်ပြီး သေကုန်တယ်”
ဖမ်းခေါ်လာတဲ့ ရုံးဝန်ထမ်းတွေနဲ့ မိသားစုဝင် စုစုပေါင်း ကိုးဦးထဲမှာ အခွန်ရုံးဝန်ထမ်း အသက် ၄၀ ကျော်အရွယ် ဒေါ်ခိုင်နွဲ့ဇော်နဲ့ အသက် ၂၀ ဝန်းကျင်အရွယ် သူ့ရဲ့သားနဲ့သမီးတို့ သေဆုံးခဲ့တယ်လို့ တောတွင်းတွတ်ပီအဖွဲ့က ပြောပါတယ်။
ကျန်ရုံးဝန်ထမ်းခြောက်ဦးကိုတော့ ဖမ်းခေါ်လာနိုင်ခဲ့ပြီး အဲဒီခြောက်ဦးရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ တောတွင်းတွတ်ပီအဖွဲ့က ထုတ်မပြောပါဘူး။
စစ်ကိုင်းမြို့ပေါ်အထိ ဝင်ရောက်ဖမ်းဆီးတဲ့ PDF အဖွဲ့ထဲကတစ်ဦးက ဆိုယ်ကယ်နဲ့ပြန်အထွက်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး နောက်ထပ် PDF တစ်ဦးနဲ့ အခွန်ရုံးဝန်ထမ်း မိသားစုဝင် သုံးဦးကတော့ ကားတစ်စီးပေါ်မှာပဲ ပစ်ခတ်ခံလိုက်ရတာလို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။
"ပစ်ခတ်သံကတော့ အချက်တစ်ရာလောက်ကိုရှိတယ်ဗျ။ PDF အဖွဲ့က တစ်ယောက်က ဆိုင်ကယ်နဲ့ အထွက်မှာ ပစ်ခံရတာ သေသွားတယ်။ အခွန်ရုံးက ဖမ်းခေါ်လာတဲ့ အမျိုးသမီးနဲ့ မိသားစုက ကားနဲ့ခေါ်အထုတ်မှာ ပစ်တာခတ်တာတွေက ထိကုန်တာပေါ့ဗျာ။ အဲဒီမှာတော့ PDF တစ်ယောက် အပါအဝင် လေးယောက်လုံးက ကားပေါ်မှာ သေတယ်လို့ သိရတယ်”
စစ်ကောင်စီကို ထောက်ခံရေသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရုံးဝန်ထမ်းမိသားစု သေဆုံးကြောင်းကို မဖော်ပြဘဲ ဒီဖြစ်စဉ်မှာ PDF တပ်ဖွဲ့ဝင် ငါးဦးကို အသေပစ်ခတ်ဖမ်းမိခဲ့တယ်လို့ ရေးသားဖော်ပြကြပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။