၂၀၀၈၊၂၀၁၀ ခုနှစ် လူဦးရေ စာရင်းတွေနဲ့ မသက်ဆိုင်ကြောင်း လဝကဌာန ရှင်းလင်း
2014.10.01

၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်မှာပါတဲ့ လူဦးရေကိန်းဂဏန်းတွေဟာ မိမိတို့ ကောက်ခံခဲ့တာမဟုတ်ဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမြင့်ကြိုင်က
"ဒီ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာရှိတဲ့ လူဦးရေ ၅၇ သန်းရှိတယ် လို့ဖော်ပြထားတယ်၊ အဲ့ဒီ ၅၇ သန်းလို့ဖော်ပြထား တာက ကျနော်တို့ ခန့်မှန်းလူဦးရေစာရင်းက တွက်ဆပြီးတော့ ဖော်ပြထားတာပါ၊ ခန့်မှန်း လူဦးရေစာရင်း ဘယ်ကရလဲဆိုတော့ ခုနကကျနော်တင်ပြပြီးတဲ့အတိုင်းပဲ ၁၉၈၃ ခုနှစ် သန်းခေါင် စာရင်းမှာ ၅ နှစ်တစ်ခါ ဖွားသေစစ်တမ်းတွေကောက်ပြီးတော့ တွက်ချက်ပြီးတော့ ကျနော်တို့ ခန့်မှန်းလူဦးရေ သန်းခေါင်စာရင်း ထုတ်ပြန်ပါတယ်၊ အဲ့ဒီအရ ၅၇ သန်းလို့ ဖော်ပြထားတာပါ၊ အဲဒီ့ အခြေခံဥပဒေ စာအုပ်ထဲမှာလည်း ဆန္ဒမဲပေးခွင့်ရှိတဲ့လူဦးရေ နှစ်ဆယ့်ခုနှစ်သန်း သုံးသိန်းခြောက်သောင်း ကိုးထောင့်ကိုးရာ ငါးဆယ့် ခုနှစ်ယောက်လို့ ဖော်ပြထားတယ်၊ အဲ့ဒီဟာက သန်းခေါင်းစာရင်းနဲ့ မဆိုင်ပါဘူးခင်ဗျ"
သန်းခေါင်းစာရင်းကောက်ခံမှုကို ၂၀၁၄ ခုနှစ်မတ်လ ၂၉ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်အထိ ကွင်းဆင်း ဆောင် ရွက်ခဲ့တာဖြစ်ပြီး လတ်တလော ရှေ့ပြေးသန်ခေါင်စာရင်းရဲ့ထုတ်ပြန်ချက်အရ လူဦးရေ ၅၁ သန်းကျော်ရှိပါတယ်။