ရေအားလျှပ်စစ်စက်ရုံ နှစ်ခု အတွက် ဂျပန်ထံက ငွေချေးဖို့ တင်ပြ


2017.02.03
maungmaungwin-620.jpg ရေအားလျှပ်စစ်စက်ရုံ နှစ်ခုပြုပြင်ဖို့အတွက် ဂျပန်ကနေ ငွေချေးမယ့်ကိစ္စကို ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဖေဖော်ဝါရီလ ၃ ရက်နေ့က လွှတ်တော်မှာ တင်ပြစဉ်
Photo: Win Ko Ko Latt/RFA

ဘီလူးချောင်းအမှတ် ၁ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံနဲ့ ဆည်တော်ကြီး ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ နှစ်ခုကို အလုံးစုံပြုပြင်ရေးစီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ကနေ ဂျပန်ယန်း ၁၁ ဘီလီယံနီးပါး ချေးယူဖို့အတွက် ဘဏ္ဍာရေးဝန်ကြီးက ဒီကနေ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ရေအားလျှပ်စစ်စက်ရုံတွေ အလုံးစုံပြုပြင်ဖို့ ချေးငွေခွင့်ပြုဖို့ အခုလိုပြောပါတယ်။

"လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံများ အလုံးစုံပြုပြင်မွမ်းမံရေးစီမံကိန်းအတွက် ဂျပန်ယန်း ၁ဝ.၇၈၇ ဘီလီယံ ရယူနိုင်ရေးကိစ္စ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ရန် ထောက်ခံတင်ပြအပ်သည်"

ချေးငွေရဲ့သက်တမ်းမှာ ပြန်ဆပ်ကာလ ၃၀ နှစ်၊ ဆိုင်ငံ့ကာလ ၁၀ နှစ်၊ အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ကယားပြည်နယ်ရှိ ဘီလူးချောင်းအမှတ် ၁ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကို ၁၉၈၇ ခုနှစ်မှာ တည်ဆောက် ခဲ့တာဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာဖြစ်တဲ့အတွက် စက်ရဲ့သက်တမ်းမှာ ၂၅ နှစ်အတွင်း အကြီးစားပြုပြင်ခဲ့တာမရှိဘူးလို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ဆိုပါတယ်။

ဒါ့အပြင် ဆည်တော်ကြီး ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကို အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ချေးငွေနဲ့ ၁၉၈၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပြီး စက်သက်တမ်းမှာ ၂၈ နှစ်အတွင်း အကြီးစားပြုပြင်တာမရှိခဲ့ဘူးလို့ ပြောပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ နိုင်ငံတော်ရဲ့ ပြည်ပကြွေးမြီလက်ကျန် အခြေအနေမှာ ကျပ် ၁၀၆၅၃ ဒ သမ ၀၀၇ ဘီလီယံရှိပြီး ပြည်ပကြွေးမြီနဲ့ GDP အချိုးဟာ ၁၃ ဒသမ ၁ ရာခိုင်နှုန်းရှိတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။