အလျင်စလို ကောက်ချက် မချကြဖို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောဆို
2014.09.30

မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က ဘာသာလူမျိုး ပဋိပက္ခတွေ အဆုံးသတ်အောင် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကတိပြုပြောဆိုလိုက်ပြီး၊ ကမ္ဘာ့နိုင် ငံတွေအနေနဲ့လည်း မြန်မာပြည် အခြေအနေတွေ အပေါ် အဆောတလျင် ကောက်ချက်မချကြဖို့၊ အပြစ် တင်မစောကြဖို့ မနေ့ကကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ပြဿနာအပေါ် အလျင်စလိုကောက်ချက်မချခင် ၊ နိုင်ငံရဲ့သမိုင်းကြောင်း၊ လူမျိုးစုံလင်ထွေပြားမှု၊ အဲ့ဒါတွေအပေါ် အခြေခံတဲ့ရှှုတ်ထွေးမှုတွေကို အသေအချာ နားလည်သဘောပေါက်ရမှာဖြစ်ပါတယ်၊ မိမိတို့အနေနဲ့ ပြဿနာရဲ့အရင်းခံ အကြောင်းတရား ကို ဖြေရှင်းတဲ့နေရာမှာ ရခိုင်ပြည်နယ်တွင်း က ပြည်သူအားလုံးရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးတွေကို ဦးတည်ဆောင်ရွက်နေတာပါ။ ရခိုင်ပြည်နယ် ငြိမ်းချမ်းဖို့အတွက် အစိုးရဟာ လုပ်ငန်းအစီအစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်နေတာဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ထဲက ၁၄ ဖွဲ့နဲ့ ဆွေးနွေးဆောင် ရွက်နေရာမှာ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးပန်းတိုင်နဲ့ နီးကပ်လာနေပြီလို့ ယုံကြည်ကြောင်း၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဥပဒေနဲ့ တားဆီးအရေးယူနေကြောင်း၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ကိုလည်း ပေးထားပြီးဖြစ်ကြောင်း၊ အဲဒါကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံတင်ပြမယ့် လူ့အခွင့်အရေးကောင်စီရဲ့စာရင်းထဲ မှာ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေတော့မှာ မဟုတ်ဘူးလို့ ယုံကြည်နေကြောင်း ဦးဝဏ္ဏမောင်လွင် က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်လက သတင်းသမားတွေ ဖမ်းဆီးတရားစွဲထောင်ချ ခံခဲ့ရပြီးတဲ့နောက် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အခုလိုပြောကြားခဲ့တာဖြစ်ကြောင်း AP သတင်းကဖေါ်ပြ ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကလည်း စာပေစိစစ်ရေး ဆင်ဆာမရှိတော့ပေမဲ့ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ပြောဆိုကြ ပါတယ်။ ဒါ့ပြင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ နောက်ပြန်ဆုတ်သွားနေတယ်လို့ လည်း ဝေဖန်ကြပါတယ်။