မြန်မာ့အရေး "ဆုပ်လည်းစူး၊ စားလည်းရူး" ဖြစ်နေကြောင်း အာဆီယံဥက္ကဋ္ဌ ညည်းညူ

ပြီးခဲ့တဲ့ ဇန်နဝါရီလက မြန်မာနိုင်ငံကို သွားရောက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ဟာ ဘာတိုးတက်ဖြစ်ထွန်းမှုမှ မရှိခဲ့တာ မှန်ကန်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မနေ့က ဝန်ခံပြောဆိုလိုက်ပါတယ်။
အာဆီယံနဲ့ ရထားတဲ့ သဘောတူညီချက်တွေကို လိုက်နာဖို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို မစည်းရုံးနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်တဲ့ တံတားဖွင့်ပွဲတစ်ခုမှာ ဝန်ကြီးချုပ်ဟွန်ဆန်က ပြောခဲ့တာလို့ RFA ခမာဌာနရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူလုပ်နေရတာဟာ "ဆုပ်လည်းစူး၊ စားလည်းရူး" အခြေအနေ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ဟွန်ဆန်က ဆိုပါတယ်။
မြန်မာ စစ်ခေါင်းဆောင်တွေဘက်က ဘာမှ လုပ်ပေးဖို့ ဆန္ဒမရှိဘူးဆိုရင် ကျန်တဲ့သူတွေအနေနဲ့လည်း ဘာမှ ပူပန်နေဖို့ မလိုကြောင်းနဲ့၊ နွားကမဆွဲပဲ ထွန်က မရွေ့နိုင်ဘူးလို့လည်း ဝန်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။
သူ့ရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ကုန်ဆုံးဖို့ နောက်ထပ် ၁ဝလ နဲ့ ၁၄ ရက်ပဲ ကျန်တော့တဲ့အတွက်၊ မြန်မာ့အရေးက အခုလိုဖြေရှင်းဖို့ သိပ်ပြီးခက်ခဲနေရင် နောက်လာမယ့် အာဆီယံ ဥက္ကဋ္ဌသစ်က မြန်မာနိုင်ငံပြဿနာကို ဆက်ပြီး ဖြေရှင်းပါလိမ့်မယ် လို့ ဝန်ကြီးချုပ်ဟွန်ဆန်က ပြောခဲ့တဲ့အကြောင်း RFA ခမာဌာနက ဖေ်ပြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဖေဖော်ဝါရီ ၁၆ ရက်နေ့ တွေ့ဆုံဆွေးနွေးတဲ့အခါ မြန်မာဘက်က ကိုယ်စားလှယ်တွေ ပါဝင်မှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာဆီယံကို ပေးထားတဲ့ကတိအတိုင်း စစ်ကောင်စီဘက်က သိသာတဲ့ကြိုးပမ်းမှုတွေ မရှိမချင်း မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံအစည်းအဝေးတွေကို မဖိတ်ဖို့ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေက အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံကို တိုက်တွန်းထားကြပါတယ်။
စစ်ကောင်စီဘက်ကလည်း တန်းတူရည်တူပါဝင်ခွင့်ရှိရမယ်ဆိုတဲ့ အာဆီယံရဲ့ မူဝါဒနဲ့ကွဲလွဲနေတဲ့အတွက် အာဆီယံအစည်းအဝေးကို မတက်ဘူးလို့ ကြေညာထားပါတယ်။
အာဆီယံက နိုင်ငံရေးနဲ့မဆိုင်တဲ့ ကိုယ်စားလှယ်ကိုပဲ အစည်းအဝေးကို လွှတ်ဖို့ စစ်ကောင်စီကိုကမ်းလှမ်းခဲ့တာပါ။ တိုးတက်မှုတွေ ရှိလာအောင်မဖြေရှင်းနိုင်ရင် မြန်မာနိုင်ငံမှာ နောက် ၅ နှစ် ၁ဝ နှစ်အတွင်းတောင် ငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်ဟွန်ဆန်က မနေ့ကပြောခဲ့တဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။