ထုံခါအကျဉ်းစခန်းက ထွက်ပြေးသူလေးဦးမှာ တစ်ဦးသေဆုံး သုံးဦးပြန်ဖမ်းမိ

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာအုပ်စုမှာရှိတဲ့ ထုံခါအကျဉ်းစခန်းက အကျဉ်းသားလေးဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်မနက်ပိုင်းမှာ ထွက်ပြေးခဲ့ပေမယ့် ပစ်ခတ်ခံရတာကြောင့် တစ်ဦးသေဆုံးပြီး ကျန်သုံးဦး ပြန်ဖမ်းဆီးခံရတယ်လို့ တနင်္သာရီမြို့ခံတွေက RFA ကိုပြောပါတယ်။
အကျဉ်းသားလေးဦးထွက်ပြေးချိန် အကျဉ်းစခန်း လုံခြုံရေးတွေက ထွက်မပြေးဖို့ သတိပေးခဲ့ပေမယ့် မရတာကြောင့် ခြောက်လှန့်ပစ်ခတ်ရင်း နှစ်ဦးကျည်ဆန်ထိမှန်ပြီး တစ်ဦးကတော့ သေဆုံးသွားတယ်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက RFA ကို နိုဝင်ဘာလ ၂ ရက် ဒီနေ့မှာပြောပါတယ်။
“ဖြစ်စဉ်ကမှန်ပါတယ်။ အကျဉ်းသားတွေကို သတ်မှတ်ထားတဲ့ ဧရိယာမကျော်ဖို့ သတိပေးတယ်။ ဒီဟာကျော်ရင် အကျဉ်းထောင် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရမယ်ဆိုပြီးပြောပါတယ်။ ဒါပေမဲ့ အကျဉ်းသားလေးဦးက ကျော်လွန် ခဲ့တာကြောင့် တားတယ်။ သေနတ်မိုးပေါ် ထောင်ပစ်တယ်။ခြောက်လှန့်တယ်။ မရတော့ သူတို့ကိုပစ်တယ်။ ပစ်တော့ သေနတ်ရဲ့သဘောက တုန်ခါမှုရှိတာကို အဲတော့ ထိသွားတယ်။ တစ်ယောက်ကတော့ ဆုံးသွားတယ်”
သေဆုံးခဲ့တဲ့ အကျဉ်းသားဟာ လုယက်မှုနဲ့ လေးနှစ် အကျဉ်းကျခံနေရသူဖြစ်ပြီး ကျည်ဆန်ထိမှန်သူနဲ့ ကျန်နှစ်ဦးလည်း ပြန်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တနင်္သာရီ ဒေသခံတစ်ဦးကတော့ ထုံခါရွာဟောင်း အနီးမှာ ပြန်ပြီးဖမ်းဆီးခဲ့တာဖြစ်ပြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ RFA ကိုပြောပေမယ့် အတည်မပြုနိုင်သေးပါဘူး။
ထွက်ပြေးခဲ့တဲ့ အကျဉ်းသားတွေဟာ နိုင်ငံရေးအကျဉ်းသားတွေ မဟုတ်ဘဲ တခြားပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံ နေရသူတွေဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။