တမူးမြို့နယ် လွှတ်တော် အမတ်ဟောင်း CRPP အဖွဲ့ဝင် ဦးထောင်ကိုထန်း ကွယ်လွန်
2018.12.28

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် UNLD ပါတီရဲ့ ကိုယ်စားလှယ်အဖြစ် စစ်ကိုင်းတိုင်း တမူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ချင်းတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ဦးထောင်ကိုထန်း (၆၇)နှစ်ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဦးထောင်ကိုထန်းဟာ ၁၉၉၃ မှာ စစ်အစိုးရကကျင်းပတဲ့ အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပြီး ညီလာခံ ဖွဲ့စည်းပုံဥပဒေကြမ်းရေးဆွဲရာမှာ ထောက်ပြဝေဖန်ခဲ့တာတွေကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။
သူဟာ စစ်အစိုးရလက်ထက် ပြည်ပမှာဖွဲ့စည်းထားတဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB အဖွဲ့ အတွက်လည်း ပြည်တွင်းကနေ အလုပ်လုပ်ပေးခဲ့သူဖြစ်ပါတယ်။ UNLD ပါတီခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးထောင်ခိုထန်းဟာ ဒေါ်အောင်ဆန်းစုကြည်တို့ တချိန်ကဖွဲ့စည်းခဲ့တဲ့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။
ဦးထောင်ခိုထန်းဟာ ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရာက နှလုံး၊ ကျောက်ကပ်ရောဂါနဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ညမှာ ကွယ်လွန်သွားခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီး ဇနီးသည် ဒေါ်လှိုင်းမွန်နဲ့အတူ သားသမီး ၄ ဦးကျန်ရစ်ပါတယ်။