ပအိုဝ်းဒေသက တိုက်ပွဲတွေအတွင်း အရပ်သား ခုနစ်ဆယ်နီးပါး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တွေမှာ ဇန်နဝါရီလကစလို့ အခုမေလအထိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ကလေးငယ်တွေအပါအဝင် အရပ်သား ၆၉ ဦး သေဆုံးခဲ့ပါတယ်။

တိုက်ပွဲများကြောင့် မီးလောင်ပျက်စီးသွားသည့် ဆီဆိုင်မြို့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် PNLA တပ်ဖွဲ့က ထုတ်ပြန်ထားစဉ်။ Facebook/PNLA News & Information Department

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တွေမှာ ဇန်နဝါရီလကစလို့ အခုမေလအထိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ကလေးငယ်တွေအပါအဝင် အရပ်သား ၆၉ ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO)က မေလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီအရေအတွက်ဟာ တိုက်ပွဲတွေစတင်ခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ မေလ ၁၁ ရက်နေ့အထိ ရက်ပေါင်း တစ်ရာကျော်အတွင်း အရပ်သားသေဆုံးထိခိုက်မှု အရေအတွက်ဖြစ်ပါတယ်။

အရပ်သားသေဆုံးသူတွေမှာ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးထိမှန်လို့ သေဆုံးရသူ ၃၄ ဦး ရှိခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခံရချိန် သတ်ဖြတ်ခံရလို့ သေဆုံးခဲ့ရသူ ၁၈ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ဘေးတိမ်းရှောင်ရင်း စစ်ကောင်စီတပ်စစ်ကြောင်းနဲ့တိုးလို့ သတ်ဖြတ်ခံရတာအပါအဝင် တခြားအကြောင်းအရာတွေကြောင့် သေဆုံးခဲ့ရသူ ၁၇ ဦး ရှိခဲ့တယ်လို့ PYO ပြောခွင့်ရသူ နန်းက ပြောပါတယ်။

“အခုနောက်ပိုင်းက အကြောင်းမဲ့ ပစ်သတ်ခံရတာတွေ ပိုများလာတယ်။ ပြီးတော့ နေရပ်ပြန်တဲ့အရပ်သားတွေ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု ပိုများလာတာလည်း တွေ့ရတယ်”

တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရပ်သားကတော့ ၉၂ ဦးအထိ ရှိနေတယ်လို့ သူကဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFAက တယ်လီဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့နဲ့ ရှမ်း-ကယားနယ်စပ်က ကျေးရွာတွေဘက်မှတော့ မေလ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြာက်ရေးတပ်မတော် (PNLA ) တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် လူဦးရေ ခုနစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ရေးနဲ့ နေထိုင်ရေးတွေမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org