စစ်တပ်ရဲ့နိုင်ငံခြားငွေရပေါက်တွေကို ချက်ချင်းပိတ်ဆို့ဖို့ HRW တောင်းဆို

နှစ်စဉ် အမေရိကန်ဒေါ်လာငွေ တစ်ဘီလီယံလောက်ရနေတဲ့ မြန်မာစစ်တပ်ရဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းတွေအပါအဝင် ဝင်ငွေအများဆုံးရတဲ့ သတ္တုတွင်း၊ သစ်လုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေး စက်ရုံတွေကို အဓိကထား အရေးယူဒဏ်ခတ်တာတွေ လုပ်ရမယ်လို့ HRW က ဆိုပါတယ်။

မန္တလေးမှာတွေ့ရတဲ့ စစ်ကောင်စီတပ်သားတဦး။ File Photo - AFP

နိုင်ငံတကာအစိုးရတွေပေါင်းပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံခြားငွေရပေါက်တွေကို ချက်ချင်းပိတ်ဆို့ အရေးယူဖို့ HRW လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၂၈ ရက် ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံခြားငွေရပေါက်တွေဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေ အပါအဝင် တခြားငွေရပေါက်တွေအားလုံးကို ပိတ်ဆို့ အရေးယူဖို့ စစ်အာဏာသိမ်းတစ်နှစ်ပြည့် HRW က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နှစ်စဉ် အမေရိကန်ဒေါ်လာငွေ တစ်ဘီလီယံလောက်ရနေတဲ့ မြန်မာစစ်တပ်ရဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းတွေအပါအဝင် ဝင်ငွေအများဆုံးရတဲ့ သတ္တုတွင်း၊ သစ်လုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေး စက်ရုံတွေကို အဓိကထား အရေးယူဒဏ်ခတ်တာတွေ လုပ်ရမယ်လို့ ဆိုပါတယ်။

“သြဇာအာဏာကြီးတဲ့ အစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ကို ငွေကြေးနဲ့ လက်နက်စီးဆင်းမှုတွေ ဖြတ်တောက်ဖို့ မြန်မာပြည်သူတွေ နောက်ထပ်ဘယ်နှယောက် ဖမ်းဆီးခံပေးရဦးမလဲ၊ အနှိပ်စက်၊ သတ်ဖြတ်ခံရဦးမလဲ" လို့ HRW ရဲ့ အာရှရေးရာ ဒါရိုက်တာ Brad Adams က မေးခွန်းထုတ်ပြောဆိုထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ကနေဒါ၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေကနေ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင်စီးပွားရေး လုပ်ငန်းတချို့ကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့ခဲ့ပေမယ့် မြန်မာစစ်တပ်ရဲ့ နိုင်ငံခြားငွေရပေါက်တွေကတော့ ကြီးကြီးမားမား ထိခိုက်တာ မရှိဘူးလို့လည်း HRW ရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။

လက်မလျှော့ဘဲ တစ်နှစ်ပြည့်တဲ့အထိ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေဘက်မှာ နိုင်ငံတကာ အသိုင်းအဝန်းကလည်း မားမားမတ်မတ်ရပ်တည်တယ်ဆိုတာ ပြသဖို့လိုတယ်လို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org