ဖားကန့်ကို စက်သုံးဆီသယ်ခွင့် စစ်ကောင်စီပိတ်ထား

ဖားကန့်ကိုလာတဲ့လမ်းတိုင်းမှာ စက်သုံးဆီသယ်ယာဉ်တွေကို သွားခွင့်မပေးတာကြောင့် ဆီတွေပြတ်နေတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စက်သုံးဆီရောင်းချသူတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်း သွားလာနေသည့် ဒေသခံများအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကို လောင်စာဆီတင်သွင်းခွင့် စစ်ကောင်စီက ပိတ်ထားတာကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေပါတယ်။

ဖားကန့်ကိုလာတဲ့လမ်းတိုင်းမှာ စက်သုံးဆီသယ်ယာဉ်တွေကို သွားခွင့်မပေးတာကြောင့် ဆီတွေပြတ်နေတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စက်သုံးဆီရောင်းချသူတစ်ဦးက ပြောပါတယ်။

ဆီမရှိတာကြောင့် ဖားကန့်မြို့က စက်သုံးဆီအရောင်းဆိုင် အားလုံးနီးပါး ပိတ်ထားတယ်လို့လည်း ပြောပါတယ်။

ဆီလက်ကျန်ရှိတဲ့ ဆိုင်တချို့ကတော့ အရင်က တစ်သောင်းနှစ်ထောင်လောက်ပဲပေးရတဲ့ ဓာတ်ဆီ ၉၂ တစ်ဂါလံကို အခု တစ်သောင်းခွဲလောက်နဲ့ ရောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂ ရက်နေ့က ဆီဝယ်ခဲ့သူ တစ်ဦးကလည်း ဒီဇယ်ဆီတစ်ဂါလံကို တစ်သောင်းသုံးထောင့်ငါးရာနီးပါးပေးခဲ့ရတယ်လို့ ဆိုပါတယ်။

တခြားမြို့ကနေပြန်လာတဲ့သူတွေကိုလည်း စက်သုံးဆီတွေကို ပုံးတွေနဲ့ယူလာရင် စစ်ကောင်စီက သယ်ခွင့်မပေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

လူသုံးများတဲ့ ဓာတ်ဆီတွေ အဓိက ပြတ်နေတာဖြစ်ပြီး ဒီဇယ်ဆီကတော့ ဝယ်ဖို့ သိပ်မခက်ဘူးလို့ ဆိုပါတယ်။

လောင်စာဆီသယ်ခွင့် ဆက်ပိတ်ထားမယ်ဆိုရင် ဆီတွေလုံးဝ ဝယ်လို့မရတော့ဘဲ ပျက်သွားမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

ဒီအတိုင်းဆက်ပိတ်ထားမယ်ဆိုရင် ဖားကန့်က ဆီကုန်သည်တွေ ကြာရှည်တောင့် မခံနိုင်တော့ဘူးလို့ ပြောနေကြောင်း စက်သုံးဆီရောင်းချသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ဆီတွေပိတ်တဲ့ အကြောင်းကို အတိအကျ မသိရသေးပေမဲ့ ဖားကန့်က တရားမဝင် သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေကို ဟန့်တားနိုင်ဖို့ လောင်စာဆီတင်ယာဉ်တွေ သွားလာခွင့် ပိတ်ထားတာဖြစ်နိုင်ကြောင်း ပြောပါတယ်။

စက်သုံးဆီကုန်သည်တွေပြောတာကတော့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေက ဆီသယ်ကားတွေကတော့ တစ်ခါတစ်ရံ လွှတ်ပေးတာတွေ့ရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org