အကြမ်းဖက်မှုတွေ လုပ်ဆောင်နိုင်တဲ့ အထောက်အထားတွေ မတွေ့ရကြောင်း ရဲမှူးချုပ် အောင်ဌေးမြင့်ပြော
2018.11.01

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပေါ်မှာကို စိုးရိမ်မှုတွေရှိပေမယ့် ခိုင်လုံတဲ့ အထောက် အထားနဲ့ အတည်ပြုနိုင်ချက်တွေ မတွေ့ရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံဝန်ကြီးများအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးအပြီးမှာ နိုင်ငံဖြတ်ကျော်မှုခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့် က ပြောကြားခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် လုံခြုံရေးဆောင် ရွက်ထားရှိမှု အခြေအနေကို RFA မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသက နယ်ခြားစောင့်ရဲစခန်း ၃ ခုကို အကြမ်းဖက်သမားတွေက ဝင်ရောက်ခိုက်ခဲ့တာ အခုအချိန်ဆို ၂ နှစ်ကျော်လာပြီဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာလည်း ရခိုင်ပြည်နယ်၊ မောင်တောက ရဲစခန်း ၃၀ ကျော်ကို အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလို ၂ နှစ်ကျော်လာတဲ့အချိန်မှာ အကြမ်းဖက်မှုတွေထပ်မံဖြစ်ပေါ်မလားဆိုပြီး ဒေသခံတွေအကြား စိုးရိမ်ပူပန်မှုတွေလည်းရှိပါတယ်။
ဒါ့အပြင် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကြား MOU ရေးထိုးပြီး ညွှန်ချုပ်အဆင့်၊ ဗျူဟာမှူးအဆင့်နဲ့ တပ်ရင်းမှူးအဆင့်အစည်းအဝေးတွေကို ပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်နေ တယ်လို့လည်းပြောပါတယ်။