နှမ်းခါးရွာထဲ စစ်ကောင်စီတပ်တွေ ဝင်မွှေပြန်လို့ ဒေသခံတွေဆို
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးရွာကို နိုဝင်ဘာ ၅ ရက်နေ့ နေ့လည်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းတချို့ ယူဆောင်သွားတယ်လို့ နှမ်းခါးရွာဒေသခံတွေက RFA ကို ပြောပါ တယ်။
- 2021-11-06
-
-
-
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးရွာကို နိုဝင်ဘာ ၅ ရက်နေ့ နေ့လည်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းတချို့ ယူဆောင်သွားတယ်လို့ နှမ်းခါးရွာဒေသခံတွေက RFA ကို ပြောပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့၊ နေ့လည် ၂ နာရီမှာ ကလေးဘက်ကနေ ဆင်းလာတဲ့ တပ်မ ၆၆ တံဆိပ်ပါ စစ်ကောင်စီ တပ်တွေဟာ ကလေး-ဂန့်ဂေါလမ်းပိုင်းမှာရှိတဲ့ နှမ်းခါးရွာကို ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ယောက် က ဆိုပါတယ်။
"ချင်းပြည်နယ်ဘက်က ပြန်ဆင်းခဲ့တဲ့ တပ် ဂန့်ဂေါဘက်ကို အသွားဗျ။ နှမ်းခါးရွာထိပ်မှာ ရပ်ပြီးတော့ ကားလမ်း ဘေးဝဲယာက အိမ်တွေကို တံခါးတွေ ရိုက်ချိုးပြီးမှ ပစ္စည်းတွေ ယူသွားတယ်ဗျ။ တချို့က အိမ်တွေမှာ ရေတွေဘာတွေ ချိုးသွားကြတယ်ဗျ။ ရွက်လှရွာ လမ်းခွဲမှာတော့ အိမ် တစ်လုံးကို မီးရှို့ သွားတယ်ခင်ဗျ "
စစ်ကောင်စီ တပ်တွေဟာ နှမ်းခါးရွာထဲက အိမ်တံခါးတွေကို ရိုက်ချိုး ဖျက်ဆီးတာ၊ အိမ်ထဲက ပစ္စည်းတွေကို မွှေနှောက်ပြီး တန်ဖိုးကြီးပစ္စည်းတွေ ယူဆောင်သွားတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒီစစ်ကောင်စီတပ်ဖွဲ့မှာ လူအင်အား ၁၂၀ ဝန်းကျင်၊ စစ်ကားအကြီး ၃၃ စီးနဲ့ ကားအသေး တစ်စီးတို့ ပါဝင် တယ်လို့လည်း နှမ်းခါးရွာဒေသခံက ပြောပြပါတယ်။
နှမ်းခါးရွာရဲ့ မနေ့ကဖြစ်ခဲ့တဲ့ အခြေအနေအသေးစိတ်ကို RFA က သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။
လက်ရှိမှာတော့ နှမ်းခါးရွာမှာ လူလတ်ပိုင်းတချို့သာ ပြန်လည်နေထိုင်နေပြီး အသက်ကြီးပိုင်း ဒေသခံတွေ ကတော့ စစ်ဘေးရှောင်တိမ်းနေဆဲဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။
အဲဒီနှမ်းခါးရွာဟာ စစ်ကောင်စီတပ်က ၃ ကြိမ်တိုင် ဝင်ရောက် မီးရှို့၊ ဖျက်ဆီးခံခဲ့ရတဲ့ မကွေးတိုင်းထဲက ရွာတစ်ရွာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့တုန်းက ဒီရွာက အသက် ၇၂ နှစ်အရွယ် ဦးကံ ထောက် ဆိုသူဟာ စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်ဖမ်းဆီး ခံရပြီးနောက် သေဆုံးခဲ့ပါတယ်။