ဟင်္သာတခရိုင် မဲစာရင်းလာကြည့်သူ ၄ဝ,ဝဝဝ အနက် ၄,ဝဝဝ မှားယွင်း
2015.09.27

ဧရာဝတီတိုင်းဒေသကြီး ဟသာၤတခရိုင်မှာ မဲပေးခွင့်ရှိသူဦးရေ ရှစ်သိန်းကျော် ရှိတဲ့အထဲက လူပေါင်း လေးသောင်းလောက်က မဲစာရင်းလာကြည်ပြီး လာကြည့်သူတွေထဲက ၄ ထောင်ကျော်ရဲ့ စာရင်းတွေ မှားယွင်းနေတယ်လို့ ဟသာၤတခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဝင်းမောင် က ပြောပါတယ်။
အဲဒီ မဲစာရင်းမှာ မှားယွင်းနေသူတွေရဲ့စာရင်းကို ပြန်လည် ပြင်ပေးနိုင်ဖို့ ပြန်လည်လျှောက်ထားကြတယ်လို့ ဦးဝင်းမောင် က ပြောပါတယ်။
ဒါ့အပြင် ဟသာၤတခရိုင်အတွင်းက ရေကြီးခဲ့တဲ့အတွက် ဟသာၤတ၊ အင်္ဂပူ၊ ဇလွန်၊ မြန်အောင် မြိုနယ် လေးခုကို မဲစာရင်းကြေငြာချိန်ရက်တွေလည်း ထပ်တိုးပေး ထားပါတယ်။ မစစ်ဆေးရသူတွေ ရှိသေးရင် လာရောက်ကြည့်ရှု ပြီး မှားယွင်းမှု တွေတွေ့ရင်လည်း ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
အင်္ဂပူမြို့နယ်ကို ဒီလ စက်တင်ဘာ ၃ဝ ရက်နေ့အထိနဲ့ ကျန်တဲ့ ၃ မြို့နယ်ကို အောက်တိုဘာ ၄ ရက်နေ့ အထိ ထပ်တိုးခွင့်ပြုထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပထမအကြိမ် မဲစာရင်းကြေညာခဲ့စဉ်က လာရောက်ကြည့်ရှုသူ ၂ သိန်း ကျော်ရှိခဲ့ပြီး အခုဒုတိယ အကြိမ် မဲစာရင်းကြေငြာချိန် မှာ ရေကြီးနစ်မြုပ် မှုတွေကြောင့် မဲစာရင်းလာရောက်ကြည့်ရှုမှု နည်းပါးနေတာဖြစ်ပါတယ်။
ဟသာၤတခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဝင်းမောင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က တွေ့ဆုံမေးမြန်းထားပါတယ်။