နယ်မြေကျော်လွန် လှုပ်ရှားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဆုတ်ခွာဖို့ တပ်မတော် သတိပေး


2019.01.25
govt-army-622 အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: RFA

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ သက်ဆိုင်ရာဒေသတွေမှာ လှုပ်ရှားဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးကိုထိခိုက်စေမယ့် လုပ်ရပ်မျိုးတွေ မလုပ်ကြဖို့၊ နယ်မြေကျော်လွန် လှုပ်ရှားတာတွေကို လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထား ပြန်လည်ဆုတ်ခွာဖို့ တပ်မတော်က သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်က စစ်တိုင်းကြီး ၅ ခုမှာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားပေမယ့်လည်း NCA လက်မှတ်ထိုးပြီး သားအဖွဲ့တွေရော လက်မှတ်ထိုးဖို့ ဆွေးနွေးနေတဲ့ အဖွဲ့တွေတွေက လူသစ်စုဆောင်းတာ၊ ဆပ်ကြေး ကောက်ခံတာ၊ သတ်မှတ်နယ်မြေ ကျော်လွန်လှုပ်ရှားတာတွေ တွေ့ရတယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း ရန်လိုတိုက်ခိုက်တာ၊ တပ်မတော် စစ်ကြောင်းတွေကို ချောင်းမြောင်းပစ်ခတ်တာတွေ လုပ်ဆောင်နေတာတွေ့ရပြီး ဒီကိစ္စဟာ ငြိမ်းချမ်းရေးကို ထိခိုက်စေကြောင်းလည်း သတိပေးထားပါတယ်။

သတ်မှတ်ထားတဲ့ နေ့ရက်ကျော်လွန်ချိန်အထိ လိုက်နာမှုမရှိတဲ့အဖွဲ့တွေကို တပ်မတော် ချမှတ်ထားတဲ့ ဆောင်ရွက် ရမယ့် အဆင့်တွေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

တပ်မတော်အနေနဲ့ လာမယ့် ၂၀၂၀ မှာ ငြိမ်းချမ်းရေးကို အပြီးတိုင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတာမို့ အမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးဖို့ အမြန်ဆုံး လုပ်ဆောင်ကြဖို့ကိုလည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ရဲ့ တိုက်ပွဲအခြေအနေဟာ တပ်မ တော်အနေနဲ့ သောင်းကျန်းမှုစစ်ဆင်ရေးကိုဆင်နွှဲနေတာဖြစ်ပြီး AA အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာမယ်ဆိုရင် အဆင်သင့်လမ်းဖွင့်ပေးထားတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။