ထားဝယ်မှာ တပ်သိမ်းလယ်မြေဧက ၅၀၀ ကျော် ပြန်လည်ပေးအပ်
2014.05.31
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း မြို့နယ်လေးမြို့နယ်မှာ တပ်မတော်က သိမ်းယူထားတဲ့ တပ်သိမ်းမြေတွေထဲက လယ်မြေဧက ၅၀၀ ကျော် မူလပိုင်ရှင်တွေဆီ ပြန်လည်ပေးအပ်ပွဲကို ထားဝယ်မြိုတော်ခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
ဒီလိုတပ်သိမ်းမြေတွေပေးတာကို ကြိုဆိုကြောင်းနဲ့ လယ်သမားအရေး ဆောင်ရွက်နေတဲ့ ထားဝယ် လူအခွင့်အရေးကွန်ရက်က ကိုသန်းဝင်းက ခုလို ပြောပါတယ်။
"တရားမျှမျှတတနဲ့ မှန်မှန်ကန်ကန် ပြန်ပေးစေချင်တာပေါ့၊ အမှန်တကယ်လည်း စပြီးသိမ်းခံရတဲ့ မူရင်းပိုင်ရှင်ကို ပြန်ပေးသင့်တယ်၊ ပေးတဲ့အခါမှာ သေသေချာချာစစ်ဆေးပြီးတော့ အမှန်တကယ် နစ်နာသူများကို ပွင့်လင်းမြင်သာစွာပေးခြင်းကိုတော့ ကျနော်တို့ကြိုဆိုတယ်"
ထားဝယ်ခရိုင်အတွင်း ထားဝယ် ရေဖြူ နဲ့ သရက်ချောင်းနဲ့ လောင်းလုံမြို့နယ်တွေမှာ အခြေစိုက်တဲ့ ခလရ ၂၅၊ ခမရ ၄၀၇၊ ၄၀၆ ၊ ခလရ ၁၀၄ ခမရ ၄၀၃ ၊ ၄၀၄ စတဲ့ တပ်ရင်းတွေက လယ်သမား ၉၀ ကျော်လောက် ပိုင်ဆိုင်ခဲ့တဲ့ လယ်မြေ ဧက ၅၀၀ လောက်ကို ပြန်လည်ပေးတာဖြစ်ပါတယ်။
အခမ်းအနားကို တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ လယ်ယာမြေပြန်ရတဲ့ လယ်သမား ၅၀ ဝန်းကျင်တက်ရောက်ခဲ့ပါတယ်။