စစ်ကောင်စီက စက်သုံးဆီသယ်ယူမှု ပိတ်လိုက်လို့ ဖားကန့်မှာ ဆီပြတ်လပ်

2022.10.31
စစ်ကောင်စီက စက်သုံးဆီသယ်ယူမှု ပိတ်လိုက်လို့ ဖားကန့်မှာ ဆီပြတ်လပ် ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က မြင်တွေ့ရသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ် ရပ်ကွက်တစ်ခုမြင်ကွင်း။
Photo: RFA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တွေမှာ စက်သုံးဆီသယ်ယူခွင့်ပိတ်ထားတာကြောင့် မြို့အတွင်း စက်သုံးဆီပြတ်လပ်နေပြီး အခက်အခဲမျိုးစုံကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနန့်ပါရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုတင်းကျပ်နေလို့ အခုလို စက်သုံးဆီပြတ်လပ်နေတာလို့ ဖားကန့်မြို့က လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFAကို ပြောပါတယ်။

"အခု ကျွန်တော်တို့ လမ်းလျှောက်နေရတာ။ ဘယ်မှာမှ ဆီဝယ်မရဘူး။ ဆိုင်ကြီးတွေတော့ ပိတ်ထားလိုက်ပြီ။ စက်သုံးဆီ တစ်လီတာကို ကျပ်နှစ်သောင်းခွဲအထိ ဈေးပေးဝယ်နေရတယ်။ ဒါတောင် ရောင်းမယ့်သူမရှိဘူး"

ဆီဈေးတက်တဲ့အပြင် ဖားကန့်မြို့နယ်ဟာ ဆိုင်ကယ်ကို အဓိကအားထားအသုံးပြုကြတာဖြစ်လို့ အခုလို စက်သုံးဆီပြတ်လပ်မှုကြောင့် သွားလာရေးလည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကောင်းမြို့ဘက်ကအဝင် နန့်ယားရွာအနီးမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ ဟိုပင်-မိုးညှင်းလမ်းမကနေအဝင် ဝေလုံတောင်ခြေဂိတ်စခန်းမှာ ဖားကန့်မြို့ကို ပို့ဆောင်တဲ့ ပစ္စည်းအဝင်အထွက်နဲ့ လူအဝင်အထွက်ကို စစ်တပ်က အဓိကစစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီနဲ့ ဆေးဝါးသယ်ယူခွင့်ကို အဓိကတားမြစ်နေပြီး ဘာကြောင့်တားမြစ်နေလဲဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။