ဂန့်ဂေါမှာ စစ်ရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးရ

2022.05.27
ဂန့်ဂေါမှာ စစ်ရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးရ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဂန့်ဂေါမြို့နယ်က ကျေးရွာသားတချို့ကို တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ မေလ ၂၆ ရက် မနေ့က ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်သုံး တိုက်ခိုက်တာကြောင့် မြစ်သာ ဆည်ဘေးမှာ ရှိတဲ့ စံပယ်၊ စင်ပုံ၊ ယင်းမာ၊ ပနန်း စတဲ့ ကျေးရွာလေးရွာက ဒေသခံ ၁၅၀၀ ကျော် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စင်းက စစ်သားတွေချပေးပြီး နောက်ထပ်တစ်စင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ပစ်တဲ့နေရာက ဆည်ရဲ့ အနောက်ဘက်ခြမ်းကို ပစ်တာရှင့်။ သူက လက်နက်ကြီးနဲ့ လှမ်းထုတာ။ ဆည်အနောက်ဘက်ကို လက်နက်ကြီးနဲ့ ထုတာရော၊ လေယာဉ်နဲ့ ပစ်တာရော။ ဆည်ရဲ့ အနောက်ဘက်ခြမ်းမှာ PDF ကလေးတွေရဲ့ စခန်းရှိတယ်လို့ သတင်းရပြီး အနောက်ပိုင်းကို ပစ်တာ။ ပစ်ပြီး ဆည်ပေါ်မှာပါ ပစ်တာ။ ဆုတ်ရင်းခွာရင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တဲ့ အနေအထားမှာကို PDF ကလေးတွေဘက်က ခုနစ်ယောက် လောက် ကျထားတယ်လို့ သတင်းရထားတယ်ရှင့်"

ဂန့်ဂေါနယ်ထဲက လူငယ်နှစ်ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီး သွားပြီးနောက် အခုလို စစ်ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်လာခဲ့တာလို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က အင်အား ၁၀၀ ဝန်းကျင်နဲ့ မြစ်သာဆည်ပေါ်မှာ နေရာ ယူထားတယ်လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း စစ်ကောင်စီတပ်က မနေ့က မြစ်သာ ဆည်အနီးတစ်ဝိုက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းချရာနေရာအချို့ကို တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ မေလ ၂၇ ရက် ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။